တနင်္သာရီမြို့မှာ အရေးပေါ် လူနာတင်ယာဉ်တွေ ညအချိန် သွားလာခွင့် စစ်ကောင်စီပိတ်ပင်

By ကိုရွှေမြိတ်(မဇ္ဈိမ)
04 September 2023
တနင်္သာရီမြို့မှာ အရေးပေါ် လူနာတင်ယာဉ်တွေ ညအချိန် သွားလာခွင့် စစ်ကောင်စီပိတ်ပင်
တနင်္သာရီမြို့အဝင်နေရာ(ပုံဟောင်း)(ဓာတ်ပုံ-CJ)

တနင်္သာရီမြို့နယ်နှင့် မြို့ပေါ်ရပ်ကွက်များတွင် အရေးပေါ်လူနာတင်ယာဉ်များ ညအချိန်ဖြတ်သန်းမောင်းနှင်ခွင့်ကို စစ်ကောင်စီတပ်သားများက ပိတ်ပင်လိုက်ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

အထက်ပါ တားမြစ်ချက်ကို ပြီးခဲ့သည့် ဇူလိုင်လကုန်မှစ၍ ဒေသတွင်း ဂိတ်စောင့် စစ်ကောင်စီတပ်သားများက နှုတ်ဖြင့်‌‌ အသိပေးခြင်းဟု တနင်္သာရီမြို့အခြေစိုက်လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

“ဘာကြောင့် အခုလို တားမြစ်တယ်ဆိုတာ သေသေ ချာချာတော့ မသိရဘူး။ သွားမိရင်လည်း ပရဟိတသမားတွေကို ရိုက်မယ်၊ထုမယ်၊သေနတ်နဲ့ ပစ်မယ် ဆိုပြီး ခြိမ်းခြောက်တာမျိုးတွေ ရှိလာနေတယ်။ သူတို့ဘက်က တားမြစ်ထားတော့ ညဘက် ကျွန်တော်တို့လည်း မထွက်ရဲဘူး ဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်သည် တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းတံတားထိပ်နှင့် ကမ္မလိုင်းရွာအခြေစိုက် ခမရ(၅၅၈)တပ်ရင်းရှေ့ရှိ ဂိတ်စခန်းများအား အဓိကထား တားမြစ်ပိတ်ပင်ထားသည်ဟု ဒေသခံများထံမှ သိရသည်။

ညအချိန်အရေးပေါ် လူနာတင်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်မှာ တပတ်နီးပါးရှိနေပြီး  အရေးပေါ်လူနာများအတွက် အခက်ကြုံနေရသည်ဟု ဒေသခံ လူမှုကူညီရေးအဖွဲ့များက ပြောသည်။

“ကျေးရွာအလိုက် နားလည်မှုနဲ့ ဆရာဝန်နဲ့ဖြစ်စေ၊ တခြားပရဟိတအသင်းတွေက သင်တန်းတက်ထားတဲ့ အရေးပေါ် ကုသမှု နည်းတွေနဲ့ဖြစ်စေ၊ ကျွန်တော်တို့ ဆောင်ရွက်ပေးဖို့ ပြင်ဆင်ထားပါတယ်”ဟု ပရဟိတအသင်းဝင်တဦးက လက်ရှိဆောင်ရွက်နေရသည့် အခြေအနေကို ပြောပြသည်။

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာပြီး အရပ်သားထိခိုက်မှုများလည်းရှိနေသည်။ မြို့နယ်အတွင်း၌  ယခင်က လူမှုကူညီရေးအသင်းအဖွဲ့ပေါင်း ၂၀ ကျော်ရှိပြီး အာဏာသိမ်းပြီးနောက်  စစ်ကောင်စီတပ်က ခြိမ်းခြောက်မှုများကြောင့် လက်ရှိမြေပြင်တွင်  ခုနှစ်သင်းခန့်သာ ရှိတော့သည်ဟု ဒေသခံများထံမှသိရသည်။ စစ်‌ကောင်စီ၏ ယခုတားမြစ်ပိတ်ပင်မှုသည် ဒေသခံများ၏ ကျန်းမာရေးဆိုင်ရာအရေးပေါ်ကိစ္စရပ်များအတွက် အခက်အခဲဖြစ်စေသည်ဟု လူမှုကူညီရေးအဖွဲ့များက ပြောသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။    ။ အေးချမ်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly