အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားဝေဒနာ ခံစားရ၍ စစ်ဆေးမှုခံယူခဲ့ရ

By 001(မဇ္စျိမ)
03 September 2023
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားဝေဒနာ ခံစားရ၍ စစ်ဆေးမှုခံယူခဲ့ရ

စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  သွားနှင့် ပတ်သက်သည့် ဝေဒနာခံစားရသည့်အတွက် စစ်ဆေးမှု ခံယူခဲ့ရကြောင်း တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။

“အခု ကောင်းသွားပြီ။ အဲ့တာ ရှေ့နှစ်ပတ်လောက်ကလို့ ပြောတာပဲ။ အခုကတော့ အကုန်လုံးစစ်ဆေးပြီးသွားပြီ။ ကောင်းတယ်ပေါ့နော်။ အဲ့ဒီလို သိရတယ်။ သွားနာတာ ။ သွားဖုံးယောင်တာပေါ့”ဟု တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားနေပြည်တော်အချုပ်ထောင်မှ နေအိမ်အကျယ်ချုပ် ပြန်လည်ပြောင်းရွှေ့ကြောင်း ဇူလိုင်လအတွင်းက သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီကမူ ယင်းအပေါ် တစ်စုံတစ်ရာ အတည်ပြုပြောဆိုခြင်း မရှိခဲ့ပေ။

သို့သော် အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်းကို တပတ်လျှင် တကြိမ် နေပြည်တော်အချုပ်ထောင်မှာပင် ဆက်လက် ပို့ဆောင်နေရဆဲဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ ထိုအထဲမှ ထောင်ဒဏ် ခြောက်နှစ်ကို ပြစ်ဒဏ်လျော့ပေါ့ပေးကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly