စစ်ကောင်စီတပ်သားများရှိသည့် ရွာသာရွာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ဗုံးသီးချတိုက်ခိုက် 

By MTO(မဇ္ဈိမ)
03 September 2023
စစ်ကောင်စီတပ်သားများရှိသည့် ရွာသာရွာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ဗုံးသီးချတိုက်ခိုက် 
ပုံအညွှန်း-ဒရုန်းဖြင့်ကျဲချသည့် ဗုံးသီးများကို တွေ့ရစဉ်။(ဓါတ်ပုံ-ကျောက်ဆည်ခရိုင်တပ်ရင်း ၁-နဂါးနီ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးဆိုသူများရှိသည့် ရွာသာရွာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်း(၁) နဂါးနီတပ်ရင်းထံမှ သိရသည်။

“ဗုံးသီး ၄၂ လုံးအထိ အသုံးပြုတိုက်ခိုက်ခဲ့တယ်။ ပျူစောထီးခေါင်းဆောင်အပါအဝင် ၁၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်။ တချို့ကို မန္တလေး နန်းတွင်းထဲခေါ်သွားပြီး ဆေးကုပေးနေတာ တွေလည်းရှိတယ်”ဟု နဂါးနီတပ်ရင်းမှ ဒုတပ်ရင်းမှူးဆရာလေးက ပြောသည်။

ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ သုံးရက်ဆက်တိုက် မောင်းသူမဲ့လေယာဉ်ငယ် များ အသုံးပြု၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

တိုက်ခိုက်မှုတွင် ရွာသာရွာအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးဆိုသူများက လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပတ်ခတ်မှုများရှိခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိကြောင်း ၎င်းကဆိုသည်။

ရွာသာရွာသည် ဧရာ၀တီမြစ်အတွင်းမှ ကျွန်းရွာတရွာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ရေလမ်းခရီးများအတွက် အရေးပါသည့် နေရာဖြစ်သောကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆရာလေးက ဆိုသည်။

“ရေလမ်းခရီးကလာရင် ရွာသာရွာမှာ သင်္ဘောတွေထားပြီးတော့ စစ်ကြောင်းထိုးတာတွေရှိတယ်။ မြစ် ကြောင်းနဲ့ပတ်သက်ရင် အဲဒီရွာကအဓိကကျနေတယ်။ ဒီရွာပြုတ်ရင် အဲဒီဘက်တကြောမှာ ရေကြောင်း က ကြောက်စရာမလိုတော့ဘူး” ဟု လည်းပြောသည်။

ယခုတိုက်ခိုက်မှုများကို ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့ကဦးဆောင်ပြီး ကျောက်ဆည်ခရိုင်တပ်ရင်း (၁) (နဂါးနီတပ်ရင်း)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅)(Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့)၊ မိတ္ထီလာပြည်သူ့ ကာကွယ်ရေးဒရုန်းတပ်ဖွဲ့၊ Lightning Drone Force ၊ Shar Htoo Waw နည်းပညာဖြင့် Drop For Justice ၊ Shar Htoo Waw နည်းပညာဖြင့် CDSOM အနောက်ခြမ်းတိုက်ခိုက်ရေးအဖွဲ့

 001 ၊ Demo Pauk Kwae (ဒီမိုပေါက်ကွဲ) ဆားတောင်မိုးကြိုးအဖွဲ့၊ ရဲဘော်သုံးကျိပ်၊ ရွှေဘိုခရိုင် တပ်ရင်း(၁၅) ၊တပ်ခွဲ (၂)၊Fight For Freedom အဖွဲ့နှင့် မုံရွာခရိုင် တပ်ရင်း (၂၁) တပ်ခွဲ (၂) NDRF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စာတည်း ။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required