ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၆၁)တပ်ရင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

By ဂျူချန်း ၊ YT (မဇ္ဈိမ)
03 September 2023
ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၆၁)တပ်ရင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
ပုံစာ-ခလရ(၆၁) အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်စဉ်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခလရ(၆၁)တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG-MOD က ယနေ့ စက်တင်ဘာလ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ခလရ(၆၁)တပ်ရင်းသို့ အင်အား ၁၀၀ ခန့် ဖြည့်တင်းထားကြောင်း သတင်းရရှိသဖြင့် သွားရောက်တိုက် ခိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

“လက်နက်ကြီးနဲ့ပဲ ပစ်တာ။ ကျနော်တို့ဘက်ကတော့ သူတို့ထွက်ပစ်ရင် ပြန်ပစ်ဖို့ အင်အားတော့ အသင့်ပြင်ထားတယ်။ ဒါပေမယ့် သူတို့ထွက်မပစ်ဘူး”  ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် MSRF အဖွဲ့တာဝန်ခံ နိုင်နဂါးက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF) ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF)နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)တို့ ပူးပေါင်းကာ လက်နက်ကြီးဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NUG-MOD ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် ခလရ(၆၁)မှ လက်နက် ကြီးဖြင့် သုံးကြိမ်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့များဘက်သို့ ကျရောက်ပေါက်ကွဲခြင်း မရှိ သဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။

“အထိအခိုက်ကတော့ စီစစ်ဆဲပဲ။ လူနာတင်ကားနဲ့ လာခေါ်ထုတ်သွားတာရှိတယ်လို့ မျက်မြင်တွေ့တဲ့ ဒေသခံဆီကတော့ သိထားရတယ်။ ဘယ်လောက်ထိခိုက်တယ်ဆိုတာတော့ အသေးစိတ်မသိရသေးဘူး” ဟု KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့ကလည်း ရေးမြို့နယ်အခြေစိုက် စကခ(၁၉)နှင့် ခလရ(၆၁) တပ်စခန်းများကို ရေးမြို့နယ်နှင့် တနင်္သာရီအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က SF-Z မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly