ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံအမှုများ ပယ်ချခံရ

By 001 (မဇ္စျိမ)
31 August 2023
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံအမှုများ ပယ်ချခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံအမှုများကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဩဂုတ်လ ၂၉ ရက်တွင်  ပယ်ချလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုများ၊ ပို့ကုန်၊ သွင်းကုန်ဉပဒေပုဒ်မ ၈ ၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)စသည့် အမှုများအား အထူးအယူခံ တက်ခွင့်မရဘဲ ပယ်ချခံလိုက်ရခြင်းဖြစ်သည်။

ယင်းအမှုများသည် အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ကနဦးစွဲဆိုခဲ့သည့် အမှုများဖြစ်ပြီး စစ်ကောင်စီက ယခုသြဂုတ်လ ၁ ရက်နေ့တွင်  ပြစ်ဒဏ်လျှော့ပေါ့ပေးကြောင်း ကြေညာခဲ့သည့် အမှုများလည်းဖြစ်သည်။

စွပ်စွဲခံရသူများဘက်ကမူ ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း အထူးအယူခံဆက်တက်ထားခြင်းဖြစ်ကာ ယခု ပယ်ချခံလိုက်ရသည့်အတွက် ဥပဒေကြောင်းအရ လုပ်ဆောင်နိုင်သည်များကို ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း အမည်မဖော်လိုသည့် တရားရုံးနှင့် နီးစပ်သူတဦးက မဇ္စျိမကိုပြောသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က NLD အစိုးရလက်ထက် ထိပ်ပိုင်းအစိုးရအဖွဲ့ဝင်များ၏ အမှုများကို ဆက်တိုက်ပယ်ချနေခြင်းဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း NLDအစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့၏ အထူးအယူခံ အမှုငါးမှုကို ပယ်ချခဲ့သေးသည်။

စည်ပင်သာယာရေးကော်မတီက နေပြည်တော်တွင် အထူးမြေကွက်များဖော်ထုတ်ခြင်း ၊ မြေညှိခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိလိုက်စားသည်ဟုစွပ်စွဲကာ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းတို့အပေါ် အမိန့်ချမှတ်ခဲ့သည့်အမှုများကို အထူးအယူခံဆက်တက်ခွင့်မပေးဘဲ ပယ်ချခဲ့ခြင်းဖြစ်သည်။

ယင်းအမှုများကိုလည်း ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူက ဆိုသည်။

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား လက်ရှိတွင် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် သတ်မှတ်ထားပြီး သမ္မတဦးဝင်းမြင့်အား အမှုပေါင်း ရှစ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ် သတ်မှတ်ထားသည်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဉက္ကဌနှင့် ဒုဉက္ကဌများအဖြစ် တာဝန်ယူခဲ့သည့် ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့မှာမူ တဦးလျှင် ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံထားရသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် မေလအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၁,၂၀၀ ဦး ဖမ်းဆီးခံထားရပြီး သတ်ဖြတ်ခံရသူ ၉၃ ဦးရှိကြောင်း NLD ပါတီက ပြီးခဲ့သည့် ဇွန်လအတွင်းက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly