အရှေ့တောင်အာရှတွင် ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သည့် လုပ်ငန်းများသို့ လူသိန်းချီ လူကုန်ကူးခံထားရဟု ကုလ သတိပေး

အရှေ့တောင်အာရှတွင် ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သည့် လုပ်ငန်းများသို့ လူသိန်းချီ လူကုန်ကူးခံထားရဟု ကုလ သတိပေး
Photo: AFP

အရှေ့တောင်အာရှဒေသတွင် ဥပဒေချိုးဖောက်သည့် ဂိုဏ်းအဖွဲ့များက လူသိန်းချီကို အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများ၌ အတင်းအကျပ် ခိုင်းစေလျက် ရှိပြီး အဆိုပါ ဖိအားပေး ခိုင်းစေခံရသူများသည် မကြာခဏဆိုသလို ညှဉ်းပန်းနှိပ်စက် ခြိမ်းခြောက်ခံနေရကြောင်း ကုလသမဂ္ဂက ဩဂုတ် ၂၉ ရက်တွင် ပြောကြားသည်။

အများအပြားသည် အွန်လိုင်း ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ငန်းများတွင် လုပ်ကိုင်ရန် လူကုန်ကူးခံခဲ့ကြရပြီး ညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကဲ့သို့ ကြီးလေးသည့် အခွင့်အရေး ချိုးဖောက်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ကုလက အစီရင်ခံစာတရပ်တွင် ပြောသည်။

“အဲဒီ အလိမ်အညာ ရိုက်စား လုပ်ငန်းတွေမှာ အတင်းအကျပ် ဖိအားပေး အခိုင်းခံရသူတွေဟာ လူမဆန်စွာ ဆက်ဆံခံရသလို ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အတင်းအကျပ် ခိုင်းစေခံနေရတယ်” ဟု ကုလ လူ့အခွင့်အရေး အကြီးအကဲ ဗော့လ်ကာ တာ့ခ်က ပြောသည်။

“သူတို့တွေဟာ ဒုက္ခခံရသူတွေ ဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန်သူတွေ မဟုတ်ကြပါဘူး”ဥပဒေချိုးဖောက်သည့် အဖွဲ့များ၏ လျှို့ဝှက်လုပ်ကိုင်တတ်သည့် သဘောသဘာဝနှင့် သက်ဆိုင်ရာ အာဏာပိုင်တို့ဘက်မှ တုံ့ပြန်မှုတွင် ဟာကွက်များ ရှိနေခြင်းကြောင့် အရှေ့တောင်အာရှရှိ အဆိုပါ ဘေးအန္တရာယ်၏ အတိုင်းအတာကို တိုင်းတာရန် ခက်ခဲသည်ဟု အစီရင်ခံစာက မှတ်ချက်ပြုသည်။

သို့သော် မြန်မာနိုင်ငံတွင် လူ ၁၂၀,၀၀၀ ထက်မနည်းသည် အွန်လိုင်း အလိမ်အလည် လုပ်ငန်းများ၌ အတင်းအကျပ် ခိုင်းစေခံနေရသည့် အခြေအနေများတွင် ထိန်းသိမ်းပိတ်လှောင်ခံနေရနိုင်ကြောင်းကို ခိုင်လုံသည့် သတင်းရင်းမြစ်များက ညွှန်ပြသည်ဟု ယင်းအစီရင်ခံစာက ပြောသည်။

ကမ္ဘောဒီးယားတွင်လည်း ခန့်မှန်းခြေအားဖြင့် လူ ၁၀၀,၀၀၀ ခန့်သည် အွန်လိုင်း လိမ်လည်မှုများ၌ အတင်းအကျပ် ခိုင်းစေခံနေရကြောင်း ယင်းက ပြောသည်။

လာအို၊ ဖိလစ်ပိုင်နှင့် ထိုင်းတို့သည် အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများသို့ လူကုန်ကူးခံရသူများအတွက် အဓိက ခရီးဆုံးနေရာ သို့မဟုတ် အကူးအပြောင်းနေရာများအဖြစ် ဖော်ထုတ်ခံရသည့် ဒေသတွင်း အခြားသောနိုင်ငံများတွင် ပါဝင်သည်ဟု ဆိုသည်။

အွန်လိုင်း အလိမ်အညာ ရိုက်စား လုပ်ငန်းများသည် တနှစ်လျင် ဒေါ်လာ ဘီလီယံနှင့်ချီပြီး ဝင်ငွေ ရရှိနေကြောင်း ကုလက ပြောသည်။

ထို လုပ်ငန်းများ၌ သားကောင်ဖြစ်ရသည့် ဒုက္ခခံရသူများသည် အာဆီယံဒေသ၊ တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ တောင်အာရှ နှင့် ထိုထက် ပိုလှမ်းသည့် အာဖရိကနှင့် လက်တင်အမေရိကတို့မှ လူများ ဖြစ်ကြသည်။

အွန်လိုင်း အလိမ်အညာ လုပ်ငန်းများသို့ လူကုန်ကူးခံရသူ အများစုသည် အမျိုးသားများဖြစ်သော်လည်း ထိုလုပ်ငန်းများ၏ သားကောင်ဖြစ်ရသူများထဲတွင် အမျိုးသမီးများနှင့် ကလေးများလည်း ပါဝင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ဥပဒေချိုးဖောက်သည့် ကွန်ရက်များသည် COVID ကပ်ရောဂါကာလအတွင်းက နိုင်ငံတချို့၌ အများပြည်သူဆိုင်ရာ ကျန်းမာရေး အစီအမံများအောက်၌ ကာစီနိုရုံများ ပိတ်ထားခဲ့ရမှု အခြေအနေမှ အကျိုးဖြစ်ထွန်းထားခဲ့ကြသည်။

ကပ်ရောဂါကာလ အခြေအနေအရ ကာစီနိုရုံ အော်ပရေတာများသည် အွန်လိုင်းအပြင် ပဋိပက္ခဒဏ်သင့် နယ်စပ်ဧရိယာများ အပါအဝင် စည်းမျဉ်းထိန်းသိမ်းမှု လျော့ရဲအားနည်းသည့် နေရာများသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

COVID အကျပ်အတည်းကြောင့် ရွှေ့ပြောင်းအများအပြားကို ပိုမို ခုခံနိုင်စွမ်းအားနည်းစေသလိုဖြစ်စေခဲ့ပြီး နယ်စပ်နှင့် စီးပွားရေးလုပ်ငန်းများ ပိတ်ထားမှုကြောင့် ၎င်းတို့သည် နိုင်ငံများတွင် သောင်တင်ခြင်း၊ အလုပ်မရှိဖြစ်ခြင်းတို့နှင့် ကြုံတွေ့ခဲ့ကြရသည်။

UN warns thousands trafficked into online crime in SE Asia
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly