ယူ-၂၀ကစားသမား ရန်နိုင်ဦးကို ဇေယျာရွှေမြေအသင်း အသင်းပြောင်းခွင့်ပြု

ယူ-၂၀ကစားသမား ရန်နိုင်ဦးကို ဇေယျာရွှေမြေအသင်း အသင်းပြောင်းခွင့်ပြု
ဇေယျာရွှေမြေတောင်ပံကစားသမား ရန်နိုင်ဦးအား ယခုနှစ်မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဧပြီ ၈ ၊ ရန်ကုန်။            ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ဇေယျာရွှေမြေအသင်းသည် အသင်း၏အဓိက တောင်ပံကစားသမားတစ်ဦးဖြစ်သည့် ရန်နိုင်ဦးအား အသင်းမှ ပြောင်းရွေ့ခွင့်ပြုလိုက်ပြီဟု   ဇေယျာရွှေမြေအသင်းမီဒီယာတာဝန်ခံ ကိုကျော်ကျော်မိုးက ပြောသည်။ အသက် ၂၀ အရွယ်ရှိ ရန်နိုင်ဦးသည် ဇေယျာရွှေမြေလူငယ်အသင်းမှ ပေါ်ထွက်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာ ယူ-၂၀ အသင်းအတွက် ပထမဆုံးအဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ၎င်းသည် မြန်မာ့ ယူ-၂၀ အသင်းတွင် ၁၀ ပွဲ ပွဲထွက်ကစားခွင့်ရခဲ့ပြီး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ကာ လက်ရှိတွင်လည်း မြန်မာ့လက်ရွေးစင်အသင်းကြီး၌ ရွေးချယ်ခံထားရသည့် ကစားသမားတစ်ဦးဖြစ်သည်။

“ ရန်နိုင်ဦးကို အသင်းက ပြောင်းခွင့်ပေးလိုက်ပါပြီ။ ကစားသမားကိုယ်တိုင်က ပြောင်းချင်တဲ့အတွက် အသင်းက ခွင့်ပြုလိုက်တာပါ။ သူ့နေရာအတွက် အခြားကစားသမားတွေ ထပ်ဖြည့်သွားမှာပါ။ ပထမအကျော့မှာ ရလဒ်မကောင်းတာတော့ ဒုတိယအကျော့မှာ အသင်းက ပိုရုန်းကန်ရပါမယ်။ အဲ့အတွက် နိုင်ငံခြားသားကစားသမားသစ်တစ်ဦးကိုလည်း ထပ်ခေါ်ယူဖို့ရှိပါတယ်။ ဥရောပက ဖြစ်ဖို့များပါတယ်။ ပြည်တွင်းကစားသမားတွေလည်း အားလုံးပေါင်း ၄ ယောက်လောက် ထပ်ဖြည့်ဖို့တော့ စီစဉ်နေပါတယ် ” ဟု ကိုကျော်ကျော်မိုးက ပြောသည်။

ဇေယျာရွှေမြေအသင်းသည် လာမည့် အပြောင်းအရွေ့ရာသီတွင် ကစားသမားပြောင်းလဲမှုများ ပြုလုပ်ရန် ရည်ရွယ်ထားပြီး နိုင်ငံခြားသားကစားသမားသစ် တစ်ဦး အပါအဝင် ပြည်တွင်းကစားသမား   လေးဦး စုစုပေါင်း ငါးဦးခန့် ထပ်မံဖြည့်တင်းရန် စီစဉ်ထားသည်။ ဇေယျာရွှေမြေအသင်းသည်။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပွဲစဉ်များပြီးဆုံးချိန်တွင် သုံးပွဲနိုင် လေးပွဲသရေ လေးပွဲရှုံးရလဒ်ဖြင့် ရမှတ် ၁၃ မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၈ နေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly