ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်က ၇ ဦးသေဆုံး  

By YT  ( မဇ္ဈိမ)
29 August 2023
ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်က ၇ ဦးသေဆုံး  
ပုံအညွှန်း- KNLA ပူးပေါင်းစစ်ကြောင်း ရဲဘော်များ (ဓါတ်ပုံ- တောင်ပိုင်းတိုင်း J.O.C (Joint Commanding Office) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံး)

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကျေးရွာအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် နယ်မြေခံ KNLA ပူးပေါင်းစစ်ကြောင်းအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်တွင် ခုနစ်ဦးသေဆုံး၍ ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Operations Command) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်သည်။ 

" မနေ့က ကျားဖြူတပ်ခွဲ(၁) နဲ့ ကျားဖြူတပ်ခွဲ(၆) တို့ပူးပေါင်းပြီးတော့ သံကတိုက်ကျေးရွာမှာ တိုက်ပွဲစတင်ဖြစ်ပါတယ်၊ စစ်ကောင်စီဘက်က အင်အား ၁၅၀ နီးပါး ထိုးတက်လာတဲ့အပေါ် ကျွန်တော်တို့နဲ့ ထိတွေ့ပြီးတော့ ဖြစ်တာပေါ့" ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။ 

ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့၊ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်က အင်အား ၁၅၀ ဝန်းကျင်ဖြင့် ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာနှင့် သံကတိုက်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာမည်ကို သတင်းရထား၍ တပ်မဟာ (၆) KNLA တပ်ရင်း (၂၇)၊ တပ်ခွဲ (၄)၊ ကျားဖြူစစ်ကြောင်းတို့က ကြိုတင်စောင့်ကာ ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကြောင်းထိုး စစ်ကောင်စီစစ်ကြောင်းနှင့် KNLA ပူးပေါင်းစစ်ကြောင်းအကြား ၄၅ မိနစ်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် ဗိုလ်ကြီး၊ တပ်ကြပ်ကြီးများအပါအဝင် ခုနစ်ဦးသေဆုံး၍ ရှစ်ဦးထိခိုက်ဒဏ်ရာရထားကာ နှစ်ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

KNLA ပူးပေါင်းစစ်ကြောင်းဘက်တွင်လည်း ကျားဖြူတပ်ခွဲ (၆)မှ ရဲဘော်တဦး ဦးခေါင်းတွင် ၄၀ မမ အစထိအမှန်၍ ထိခိုက်ဒဏ်ရာရထားကြောင်း သိရသည်။ 

" ရန်သူဘက်က သူတို့ရဲ့ စစ်ကြောင်း(၂) စစ်ကြောင်းမှူး ဗိုလ်ကြီးဇော်လွင်ဦး ကျတယ်။ နောက်ပြီးရဲဘော် ခုနစ်ယောက်ကျတယ်၊ နောက်ပြီး တပ်ထိန်းတွေ တပ်ကြပ်ကြီးတွေလည်းပါတယ် ကျတဲ့ထဲမှာ။ ဒဏ်ရာရတဲ့ ရှစ်ယောက်ထဲမှာ နှစ်ယောက်ကတော့ ရှင်ဖို့အလားအလာ နည်းတယ်လို့ သိရတယ်" ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ 

တိုက်ပွဲဖြစ်ပွားစဉ်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် ရေးမြို့နယ်ရှိ စစ်ကောင်စီ အမြှောက်တပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် အဆိုပါနယ်မြေအတွင်း စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Commanding Office) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးနှင့် ကျားဖြူစစ်ကြောင်း တာဝန်ရှိသူတဦးထံက သိရသည်။ 

" အခုလက်ရှိကတော့ စစ်ကောင်စီကတော့ ပြန်လည်ဆုတ်ခွာသွားပြီး အခြားတနေရာကို ရောက်ရှိသွားပြီ၊ အဲ့ဒီမှာ သူတို့အင်အားပြန်ဖြည့်ပြီး စစ်ကြောင်းပြန်ထိုးမယ်လို့ သတင်းရတယ်" ဟု ကျားဖြူစစ်ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့၊ နံနက် ၁၁ နာရီတွင် ရေးမြို့နယ်အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခလရ (၆၁) ကို မွန်နှင့် တနင်္သာရီမှတော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ SF-Z အမျိုးအစား မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး အထိအခိုက် အပျက်အစီးများအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly