ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါ တပ်စခန်း ၂ ခုကို မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်

By ဂျူချန်း (မဇ္ဈိမ)
29 August 2023
ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါ တပ်စခန်း ၂ ခုကို မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်
ပုံစာ-မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ တော်လှန်ရေး ပူးပေါင်းအဖွဲ့

ရေးမြို့နယ်အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခလရ (၆၁)ကို မွန်နှင့် တနင်္သာရီမှတော်လှန်ရေးအင်အားစုများပူးပေါင်းပြီး မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် SF-Z အမျိုးအစား မောင်းသူမဲ့လေယာဉ်ငယ်သုံးစင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်တွင် ထိခိုက်မှု ရှိနိုင်သော်လည်း အသေးစိတ်ကို  စုံစမ်းနေဆဲဟု မွန်ပြည်တော်လှန်ရေးတပ်-MSRF တာဝန်ခံနိုင်နဂါးကမဇ္ဈိမကို ပြောသည်။

“တချိန်တည်းမှာ ဒရုန်း သုံးစင်းနဲ့ တိုက်တာပါ။ ပစ်မှတ်က နေ့ခင်းဖြစ်လို့ ခလရ (၆၁) ရဲ့ တပ်ရင်းရုံးနဲ့ စစ်ဆင်ရေးဌာနချုပ်ရုံး အဆောက်အဦပေါ်ကို ဖြုတ်ချခဲ့ပါတယ်။ Target ကို ထိမိခဲ့တယ်”ဟု နိုင်နဂါးကမဇ္ဈိမ ကိုပြောသည်။

တိုက်ခိုက်စဉ်အတွင်း ရာသီဥတုအခြေအနေကြောင့်လေယာဉ်ငယ်တစီး ပျက်စီးခဲ့သည်ဟု ဆိုသည်။ ယင်းလေယာဉ်ငယ်သည် မြန်မာငွေ သိန်း၃၀ခန့် တန်ကြေးရှိသည်ဟု သိရသည်။

စခန်းနှစ်ခုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရှစ်ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုစစ်ဆင်ရေးကို လာမည့် ဝါခေါင်လပြည့်နေ့ ဩဂုတ်လ ၃၁ရက်တွင် ကျရောက်မည့် (၇၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို ကြိုဆိုသည့်အနေဖြင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ ရေးလေတပ် (YAF)၊ ရေးကာကွယ်ရေးတပ် (YDF)၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T-5)၊ ဒေါနစစ်ကြောင်း၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း-MSRO နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF ( တပ်ရင်း- ၁ )၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့တွင်လည်း စကခ(၁၉)၊ ခလရ(၆၁) နှင့် အမြောက်တပ်(၃၁၆)အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှမောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required