လုံခြုံရေးတိုးမြှင့်ထား၍ စကြဝတေးမင်းကြီးသပိတ် ယာယီရပ်နားထားရ

By မင်းထက် (မဇ္စျိမ)
26 August 2023
 လုံခြုံရေးတိုးမြှင့်ထား၍ စကြဝတေးမင်းကြီးသပိတ် ယာယီရပ်နားထားရ
ဓာတ်ပုံ- ၂၀၂၁ ခုနှစ်တွင် စစ်အာဏာရှင် ဆန့ကျင်ရေး ဆန္ဒပြခဲ့ကြသည့် လူအုပ်ကြီးကို ရန်ကုန်မြို့တနေရာတွင် တွေ့ရစဉ် (ပုံဟောင်းဖြစ်သည်)

စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို နေ့စဥ်နီးပါးပြုလုပ်နေသည့် ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှ စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများ လုံခြုံရေးတိုးမြှင့်ချထားသည့်အတွက် သပိတ်လုပ်ငန်းများ ယာယီရပ်နားထားရသည်ဟု သိရသည်။

အဆိုပါ သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်တည်ထောင်ခဲ့သော သပိတ်ကော်မတီဖြစ်ပြီး စစ်အာဏာသိမ်းမှု နှစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း ဖွဲ့စည်းခဲ့သည့် တခုတည်းသော သပိတ်ကော်မတီဖြစ်သည်။

သပိတ်ကော်မတီ စတင်တည်ထောင်ပြီးနောက် ကြံခင်းမြို့ပေါ်နေရာများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားပါ ဘန်နာများအား ကိုင်စွဲဆန္ဒထုတ်ဖော်ခြင်း၊ ညသပိတ်များနှင့် လူမဲ့သပိတ်များ ပြုလုပ်ဆန္ဒထုတ်ဖော်ခြင်းများကို နေ့စဥ်နီးပါးပြုလုပ်ခဲ့သည်ဟု သပိတ်ကော်မတီအဖွဲ့ဝင် တဦးကပြောသည်။

"သပိတ်မလုပ်ဖြစ်တာကတော့ မြို့နယ်တွင်းမှာလုံခြုံရေးတိုးမြှင့်ထားတာရယ်၊ နှစ်ဘက်စစ်ရေးတင်းမာမှုအပေါ် ချိန်ဆပြီးသွာနေတာရယ်ကြောင့်ပါ။သပိတ်အဖွဲ့ရဲ့ လုံခြုံမှုအတိုင်းအတာပေါ်မူတည်ပြီး လုပ်ရတာဆိုတော့ သပိတ်လုပ်ငန်းတွေ နားနေရတာပေါ့"ဟု ၎င်းကဆိုသည်။

၎င်းတို့ သပိတ်ကော်မတီ၏ ရည်ရွယ်ချက်မှာ ပြည်သူများတော်လှန်ရေးအပေါ် သွေးအေးမသွားစေရန်၊ စစ်အုပ်စု၏ ယုတ်မာမှုများကို တကမ္ဘာလုံးသိရှိစေရန် ရရာနည်းဖြင့် တော်လှန်နေခြင်းဖြစ်ပြီး လုံခြုံရေးအခြေအနေကောင်းပါက ဆန္ဒထုတ်ဖော်ခြင်းများကို ဆက်လက်ပြုလုပ်သွားမည်ဟု ဆက်လက်ပြောသည်။

ထိုသို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို ပြုလုပ်ခဲ့သည့်အတွက် စစ်ကောင်စီတပ်များနှင့်ရဲများက သပိတ်ကော်မတီဝင်များ၏သတင်းများအား ကြံခင်းမြို့ပေါ်တွင် လိုက်လံစုံစမ်းနေခြင်းများရှိသည်ဟု သပိတ်ကော်မတီအဖွဲ့ဝင်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ကြံခင်းမြို့ပေါ်အပြင်၊ ကြံခင်း၊ မြန်အောင်မြို့နယ်များနှင့် ကပ်နေသည့် ရခိုင်ရိုးမတောင်ခြေအစပ်ကျေးရွာများတွင် အထိုင်ချတပ်စွဲထားပြီး ဒေသခံများအား မတရားဖမ်းဆီးမှုများပြု လုပ်နေသည်ဟု သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required