အင်းစိန်ထောင်တွင် လာရောက်စောင့်စားသူများပြားသော်လည်း မျှော်လင့်ထားသူများမပါခဲ့

အင်းစိန်ထောင်တွင် လာရောက်စောင့်စားသူများပြားသော်လည်း မျှော်လင့်ထားသူများမပါခဲ့
 နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်မည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် လာရောက်စောင့်စားနေသော မိသားစုဝင်များနှင့် သတင်းသမားများ
ဓာတ်ပုံ သူရ မဇ္ဈိမ

ရန်ကုန် ဧပြီ ၈ ။          ။ ယနေ့ ဧပြီလ ၈ ရက်နေ့တွင် အင်းစိန်ထောင်မှအကျဉ်းသားများလွတ်မြောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ အလုပ်သမားများ၏ မိသားစုဝင်များက လာရောက်စောင့်စားနေသော်လည်း မျှော်လင့်ထားသူများ မပါလာကြောင်း စောင့်စားနေသူများက ပြောသည်။

အင်းစိန်ထောင်တွင် ယနေ့ အကျဉ်းသား ၄၄၁ ဦးကို လွှတ်ပေးမည်ဟု စာရင်းကြေညာခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ တက်ကြွလှုပ်ရှားသူများ မပါဝင်သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း အလုပ်သမားအရေးတက်ကြွလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၂ နှစ်ကျခံခဲ့ရသော အလုပ်သမားခေါင်းဆောင် မျိုးမြင့်၏ ဇနီးဖြစ်သူက မဇ္ဈိမကို ပြောသည်။

'' အဝေးကြီးကနေလာတယ် စောင့်နေတယ် ဒါပေမယ့် အခုလို နာမည်စာရင်းမပါတော့ တစ်မျိုးကြီးပဲ ရင်ထဲနင့်သွားတယ်။ '' ဟု ပြောသည်။

အကျဉ်းသားများလွှတ်ပေးမှုများကို နိုင်ငံရေး အကျဉ်းသမားများနှင့်တက်ကြွလှုပ်ရှားသူများ မပါဝင်သည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း လာရောက်ကြိုဆိုသူတစ်ဦးက ဝေဖန်ပြောဆိုခဲ့သည်။

''အကျဉ်းထောင်ထဲမှာရှိနေတဲ့သူတွေကိုလည်း လွတ်စေချင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်မြောက်စေချင်တယ်။ သူတို့ကိုလည်းပျော်ရွှင်စေချင်သလို လာကြိုတဲ့ သူတွေကိုလည်း ပျော်စေချင်တယ်။ ဒီလိုပျော်တာ ကျွန်မတစ်ယောက်တည်းအတွက်မဟုတ်ပါဘူး။ အကုန်လုံးအတွက်ပါ။  ''ဟု  လာရောက်ကြိုဆိုသူတစ်ဦးက ပြောသည်။

ယခု လက်ရှိ နေ့လည် ၁ နာရီခွဲအထိ လွတ်မြောက်လာသူထဲတွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးသာ ပါဝင်နေသည့်အပေါ် ဝေဖန်မှုများလည်း ရှိနေကြောင်း သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly