ဖာပွန်မြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုများတိုက်ခိုက် ရဲ ၃ ဦးသေဆုံး

By YT (မဇ္ဈိမ)
25 August 2023
ဖာပွန်မြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုများတိုက်ခိုက် ရဲ ၃ ဦးသေဆုံး

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ဖာပွန်မြို့မရဲစခန်းအား KNU တပ်မဟာ (၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဖာပွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( ဖာပွန် ပ.အ.ဖ) နှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။

" မြို့ပေါ် ရပ်ကွက် (၁) မှာရှိတာပါ။ KNLAဦး​ဆောင်ပြီး စစ်​ရေး​ဖော်​ဆောင်တာပါ။ အဲ့ဘက်က ဖုန်းလိုင်း​တွေ စကစဖြတ်ထားတယ်၊ ​မြေပြင်အ​ခြေ​နေ အတိကျမသိရဘူး။ ရဲသုံးယောက်သေတယ်။ ရဲစခန်းမီးရှိူ့ခံရတယ်။ လက်ရှိ ရဲမိသားစု တချို့ ဘုန်းကြီး​ကျောင်းမှာ လာ​နေကြတယ်" ဟု ဖာပွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်အချိန်က တပ်မဟာ (၅) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်မြို့၊ ရပ်ကွက် (၁) ရှိ ဖာပွန်မြို့မရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ ရဲများက ပြန်လည်ပစ်ခတ်မှုပြုသဖြင့် တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါ တိုက်ပွဲအတွင်း ဖာပွန်မြို့မ ရဲစခန်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦးခန့် သေဆုံး၍ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ပြီး တပ်မဟာ (၅) KNLA ပူးပေါင်းတပ်ဖွဲ့က ရဲစခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

ရဲစခန်း တိုက်ခိုက်ခံရပြီးနောက်တွင် ဖာပွန်မြို့ပေါ်၌ စစ်ကောင်စီတပ်သားများက ဒေသခံများအား စစ်ဆေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လာကြောင်း သိရသည်။

" အဲ့​ဒီနေ့ တနေ့လုံး ပြည်သူ​တွေကို အပြင်​ပေးမထွက်ဘူး။ ရမ်းသန်းပြီးလိုက်ပစ်​နေတာ။ လမ်း​ပေါ်ထွက်တဲ့လူ အကုန်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်" ဟု ဖာပွန် ပ.အ.ဖ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ 

ဖာပွန်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ​၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင် (ဖာပွန်ခရိုင်)အတွင်း တည်ရှိပြီး KNU တပ်မဟာ (၅) က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင်တကြိမ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် တကြိမ် စာထုတ်ကာ စစ်ကောင်စီလက်အောက်ခံ အစိုးရဝန်ထမ်းများအနေဖြင့် ၎င်းတို့​၏ ရာထူး၊ တာဝန်များမှ အမြန်ဆုံးနှုတ်ထွက်၊ စွန့်ခွာရန် သတိပေးတောင်းဆိုထားသည်။ 

KNU တပ်မဟာ (၅)​၏ ဩဂုတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် နယ်မြေအတွင်းကျန်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် KNU တပ်မဟာ (၅) ​၏ ထုတ်ပြန်ချက်အပေါ် လိုက်နာခြင်းမရှိပါက အမိန့်ဆန့်ကျင်သူများအဖြစ် သက်မှတ်ကာ ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်ခြင်း ပြုလုပ်သွားမည့်အကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ဖာပွန်မြို့မရဲစခန်းအား တပ်မဟာ (၅) KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲ တဦး သေဆုံးခဲ့ကြောင်း KNU မူတြော်သတင်းစဉ်ထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly