ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာများ လူမျိုးတုန်း သတ်ဖြတ်ခံရမှု (၆) နှစ်ပြည့်၊ နှစ်ပတ်လည်ပွဲအခမ်းအနားကို ထိုင်း- မြန်မာ နယ်စပ်တနေရာတွင် ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်းတွင် ကျင်းပခဲ့သည်။
နှစ်ပတ်လည်နေ့ အခမ်းအနားကို “Never Again Coup and Genocide” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ခေတ်သစ် လူ့သမိုင်းတွင် အမည်းစက်ဖြစ်ခဲ့သည့် လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ကျွန်စနစ်ကို အသက်သွင်းသည့် အာဏာသိမ်းမှု၊ လူမျိုးကြီးဝါဒနှင့် ခွဲခြားဆက်ဆံမှုများကို ရပ်တန့်ပြီး ထပ်မဖြစ်အောင် ကြိုးစားပြုပြင်ရန် ရည်ရွယ်ပြီး နှစ်ပတ်လည်နေ့ကို ကျင်းပခြင်း ဖြစ်ကြောင်း ဦးဆောင်သူများက ပြောသည်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ဖို့ မြန်မာအားလုံးနဲ့ စည်းလုံးညီညွတ်မှု ရှိသင့်ပါတယ်” ဟု People's Empowerment Foundation ၏ ဥက္ကဋ္ဌ Khun Chalida က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။
“NUG (အမျိုးသားညီညွတ်ရေးအစိုးရ) က ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး ကြေညာချက်တခု ထွက်လာတာကို မြင်ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
မွတ်ဆလင်လူနည်းစုများသည် “မြန်မာနိုင်ငံ၏ နိုင်ငံသားများထဲမှ တဦးဖြစ်သည်” ဟု ရှုမြင်ပြီး ရိုဟင်ဂျာပြဿနာကို NUG မှ ဦးစားပေးအဖြစ် လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း Khun Chalida က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာစစ်တပ်၏ ကြမ်းတမ်းသော နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်မြောက်ပိုင်းက သိန်းနှင့်ချီသော ရိုဟင်ဂျာများသည် တဘက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။
ထိုလုပ်ရပ်နှင့် ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည် ဆိုင်ရာ တရားရုံး (ICJ) တွင် လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့သည်။ လက်ရှိအချိန်ထိ ထိုအမှုကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။
မြန်စစ်တပ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်သော အဆိုပါ အကြမ်းဖက်လုပ်ရပ်သည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်း အမေရိကန်အစိုးရက ၂၀၂၂ ခုနှစ် မတ်လအတွင်း တရားဝင် ကြေညာခဲ့သည်။
စာတည်း။ ။ နောင်နောင်