ရန်ကုန်တွင် ဧည့်စာရင်းစစ်ဆေးရာ၌ လူ့အခွင့်အရေးချိုးဖောက်မှုများပါ စစ်ကောင်စီ ကျူးလွန်

By ဂန္ဒမာ (မဇ္ဈိမ)
24 August 2023
ရန်ကုန်တွင် ဧည့်စာရင်းစစ်ဆေးရာ၌ လူ့အခွင့်အရေးချိုးဖောက်မှုများပါ စစ်ကောင်စီ ကျူးလွန်
ပုံအညွှန်း-  စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများ ဧည့်စာရင်းစစ်ဆေးနေစဥ် (ဓာတ်ပုံ-ပုံအဟောင်း)

ရန်ကုန်တွင် သြဂုတ်လ ဒုတိယပတ်ကစ၍   ညဘက်တွင် ဧည့်စာရင်းစစ်ဆေးတင်းကျပ်မှုများ ပိုပိုပြုလုပ်လာပြီး စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်မှုများကိုပါ ကျူးလွန်လာကြောင်း မြို့နေလူထုထံက သိရသည်။

ဧည့်စာရင်းစစ်ရာတွင် အသက်မပြည့်သေးသည့် ကလေးငယ်များကိုပါ မိဘနှင့်အတူ တပါတည်း ဖမ်းဆီးကm အချုပ်ခန်းတွင် ထားရှိခြင်း၊ အထုတ်အပိုးများကို လှန်လှောရှာဖွေခြင်း၊ ဖုန်းတွင်းအချက်အလက်များကို ရှာဖွေခြင်း၊ အဝတ်ဗီဒိုတွင်းရှိ အဝတ်များကို ၎င်းတို့ယူဆောင်လာသည့် CCTV မှတ်တမ်းနှင့် တိုက်စစ်ခြင်း အစရှိသည်တို့ ပြုလုပ်နေကြောင်း သိရသည်။  

"ဧည့်စစ်ရင် ဧည့်စာရင်းမှာပါတဲ့လူစာရင်းနဲ့ အိမ်မှာရှိတဲ့လူစာရင်းကို တိုက်စစ်တယ်။ အခုက မိသားစုဝင်တွေရဲ့ဖုန်းတွေ၊ မသင်္ကာတဲ့ အိတ်တွေ အထုတ်အပိုးတွေ၊ သေတ္တာက အစ စစ်တဲ့အခြေအနေတွေဖြစ်လာတယ်။ အရင်နဲ့မတူတဲ့ပုံစံတွေလုပ်လာတာ တစတစဖြစ်လာတယ်" ဟု ရန်ကုန်မြို့နေ ဒေသခံက ပြောပြသည်။

ထိုသို့ဧည့်စာရင်းစစ်ဆေးရာ၌ ဧည့်စစ်အဖွဲ့အနေဖြင့် မသင်္ကာသည့်လူကိုတွေ့ပါက ချက်ချင်းဖမ်းဆီးမှုပြုလုပ်ပြီး ဖမ်းခံရသူများထဲတွင် အသက်မပြည့်သည့် ကလေးအရွယ်များရှိပါကလည်း မိဘနှင့်အတူ တပါတည်း ဖမ်းဆီးကာ တစ်ညတာ အချုပ်ခန်းတွင်း၌ ထားရှိသည့် ဖြစ်စဉ်များလည်းရှိသည်။

ထို့အပြင် ဧည့်စစ်ရာ၌ မြို့နယ်တွင်း ရိုးရိုးစစ်ဆေးပါက နေအိမ်အတွင်းသို့ဝင်၍ ဧည့်စာရင်းစာရွက်အချက်အလက်၊ မှတ်ပုံတင်၊ စစ်ဆေးခံရသူ၏ ဖုန်းတွင်းအချက်အလက်ဒေတာများကို ခွင့်ပြုချက်မရှိ စစ်ဆေးပြီး တော်လှန်ရေးနှင့်ဆက်နွှယ်နေသော တိုင်ကြားချက်အရစစ်ဆေးပါက နေအိမ်အတွင်းသို့ ဝင်ကာ လက်ကိုင်ဖုန်းသိမ်းခြင်း၊ ဧည့်စာရင်းတိုင်ထားခြင်း ရှိမရှိ စစ်ဆေးခြင်း၊ နေအိမ်အတွင်းရှာဖွေခြင်း၊ အဝတ်ဗီဒိုမှ အဝတ်များဖြင့် CCTV မှတ်တမ်းများဖြင့် တိုက်ဆိုင် စစ်ဆေးမှုများပြုလုပ်ကြောင်း မြေပြင်တော်လှန်ရေးအင်အားစုတခု၏ ပြောပြချက်အရသိရသည်။

"ဒီ ရပ်ကွက်နဲ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ပြန်ပြီးတော့ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းတာနဲ့ပတ်သက်လို့ ဥပဒေပါ အခွင့်အရေးတွေထပ် ကျော်လွန်ပြီးတော့ လွန်လွန်ကဲကဲလုပ်ကိုင် ဆောင်ရွက်နေတာတွေသည် ဥပဒေနဲ့ အညီမဟုတ်ဘူး ။ နိုင်ငံသားတွေရဲ့ နိုင်ငံသားအခွင့်အရေးတွေ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ လုံခြုံမှု အခွင့်အရေးတွေကို ထိပါးစော်ကားနေခြင်းပဲ ဖြစ်တယ်လို့ပဲ သုံးသပ်ရှုမြင်လို့ ရပါတယ်" ဟု စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် ပတ်သက်၍ မဇ္ဈိမ၏ သတင်းရင်းမြစ် ရှေ့နေတဦးက ပြောသည်။

၁၉၁၆ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်မှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပါသည့် နိုင်ငံတော်အခြေခံမူနှင့် နိုင်ငံသားများ၏ အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်များကို အသေးစိတ် ကာကွယ်ပြုပြင်ထား‌သော နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကာကွယ်ပေးရေး ဥပဒေပါပြဌာန်းချက်များတွင် အဓိက အရေးကြီးသည့်  ပုဒ်မ ၅ ၊ ပုဒ်မ ၇ ၊ ပုဒ်မ ၈ စသည်ကိုလည်း နိုင်ငံ‌တော်စီမံအုပ်ချုပ်‌ရေးကောင်စီ(နစက) အနေဖြင့် ယခုအရေးပေါ်ကာလ အခြေအနေတွင် ယာယီရပ်ဆိုင်းကြောင်း ကြေညာထားသဖြင့် ၎င်းတို့ အနေဖြင့် နိုင်ငံသားများ၏အခွင့်အရေးကို စိတ်တိုင်းကျ ချိုးဖောက်နိုင်သလိုဖြစ်နေကြောင်း ရှေ့နေက ဆက်ပြောသည်။

အထူးသဖြင့်မြို့ပြမှာနေသည့် ပြည်သူများနှင့် အထက်အညာဒေသမှာရှိသည့် ပြည်သူများက ၎င်းတို့၏နေအိမ်များ၊ ဥစ္စာပစ္စည်းများနှင့်ပတ်သက်၍ မည်သည့်တရားဥပဒေ၏ အကာအကွယ်စောင့်ရှောက်မှုမှ မရဘဲ အချိန် မရွေး မီးရှို့ဖျက်ဆီးခံရခြင်း၊ လုယက်ခံရခြင်း၊ ရွာလုံးကျွတ် မီးရှို့ခံရပြီး စစ်ကောင်စီတပ်သားများလိုချင်သည့် ပစ္စည်းမျညးကိုသိမ်းယူသွားခြင်း စသည်အားဖြင့် အလွန် ဆိုးရွားတဲ့အခြေအနေနှင့်ကြုံတွေ့နေသည်ကို တွေ့မြင်ရသည်။

ရန်ကုန်မြို့တွင်လည်း ဩဂုတ်လ ၁၇ ရက်နှင့် ၁၈ ရက်ညပိုင်းတို့၌ မြို့နယ်အတော်အများသို့ အင်အားသုံးဝင်ရောက်ကာ ဧည့်စာရင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး ယခု ဩဂုတ်လ စတုတ္ထပတ်အထိ ဧည့်စစ်မှုများဖြင့် တင်းကျပ်စစ်ဆေးနေကြောင်း သိရသည်။

စာတည်း။   ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly