ပုဂ္ဂလိက ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် ၂၀,၀၀၀ တန်များ သုံးစွဲခြင်းမပြုရန် NUG တားမြစ်

By 001(မဇ္စျိမ)
24 August 2023
ပုဂ္ဂလိက ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် ၂၀,၀၀၀ တန်များ သုံးစွဲခြင်းမပြုရန် NUG တားမြစ်
ပုံအညွှန်း- စစ်ကောင်စီ ထုတ်ဝေမည့်ကျပ် ၂ သောင်းတန် ငွေစက္ကူ(ဓာတ်ပုံ- လူမှုကွန်ရက်)

စစ်ကောင်စီက ထုတ်ဝေသည့် ကျပ် ၂ ၀,၀၀၀ တန် ငွေစက္ကူများကို ပုဂ္ဂလိက ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် သုံးစွဲခြင်းမပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့တွင် တားမြစ်မိန့် ထုတ်ပြန်သည်။

အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေ အခန်း ၁၂ တွင် ဖော်ပြထားသည့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းရန်ရည်ရွယ် ထုတ်ပြန်ခြင်းဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အညီ တားဆီးနှိမ်နင်းအပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ဆိုထားသည်။

အဆိုပါ ငွေစက္ကူများအား လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ တနည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့သည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ရာရောက်ကြောင်း NUG က အသိပေးထားသည်။

စစ်ကောင်စီ၏ ကျပ် ၂၀,၀၀၀ တန်များမှာ လက်ရှိတွင် စျေးကွက်ထဲသို့ ပျံ့နှံ့လာခြင်းမရှိသေးသော်လည်း ယခုလကုန်တွင် စစ်ကောင်စီ၏ ဝန်ထမ်းများအား လစာအဖြစ် ထုတ်ပေးရန်အစီအစဥ်ရှိကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းတွင် သတင်းထွက်ပေါ်နေသည်။

စစ်ကောင်စီ ထိုငွေစက္ကူ လက်ထဲ ရောက်ရှိလာပါက လုံခြုံရေးအရ သုံးစွဲရမည်သာဖြစ်ကြောင်း  အသေးစားလုပ်ငန်းတခု၏ ပိုင်ရှင်ကပြောသည်။

"ကိုယ်က ပစ္စည်းရောင်းတယ်။ သူက၂၀,၀၀၀ တန်နဲ့ချေတယ်။ ဒီ၂၀,၀၀၀ တန်ကို မသုံးနဲ့လို့ပြောထားလို့ဆိုရင် အဲ့ဒီလူက သွားတိုင်ရင် ဂျေး(ထောင်)အောင်းသွားရမှာပေါ့။ အဲ့တာကို ဘယ်သူဖြေရှင်းပေးမှာလဲ"ဟု ၎င်းကဆိုသည်။

နေပြည်တော်အတွင်း ရပ်ကွက်စျေးဆိုင်ငယ် ဖွင့်လှစ်ရောင်းချနေသည့် လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသမီးတဦးကမူ ၎င်းအနေဖြင့် စစ်ကောင်စီ၏ ၂၀,၀၀၀ တန်ကို သုံးစွဲသွားမည်မဟုတ်ကြောင်းဆိုသည်။

ထိုငွေစက္ကူအသစ်အား စစ်ကောင်စီက နေပြည်တော်တွင် တည်ထားသည့် ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ပြီးစီးမှုနှင့် စစ်ကောင်စီ၏ ဆင်ဖြူတော် တနှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပြီး ကနဦးအနေဖြင့် ဗဟိုဘဏ် - နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးဘဏ်ခွဲတို့တွင် ဟောင်းနွမ်းငွေစက္ကူများနှင့် တန်ဖိုးတူလဲလှယ်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

စစ်ကောင်စီက ထုတ်ဝေသည့် ၎င်းငွေစက္ကူများကို တရားမဝင်ငွေစက္ကူများဖြစ်ကြောင်း NUG ၊ ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။

ထို့ကြောင့် ပြည်တွင်းငွေကြေးလည်ပတ်စီးဆင်းမှုတွင် အဓိကကျသော အခန်းကဏ္ဍတွင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် လက်ဝယ်ထားခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ တနည်းနည်းဖြင့် လွှဲပြောင်းခြင်းများ မပြုလုပ်ရန် တားမြစ်မိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း NUGက ဆိုထားသည်။

ပြည်သူများအနေဖြင့် အဆိုပါ တရားမဝင် ငွေစက္ကူများကို ငွေကြေးလည်ပတ်မှုတွင် အသိအမှတ်ပြုလက်ခံသုံးစွဲသောဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အထားနှင့်တကွ NUG ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သို့ အသိပေးတိုင်ကြားရန် NUG ကတိုက်တွန်းထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly