လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကိုဝေဖန်သည့် တေးသံရှင်ဗျူဟာ ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခံရ

By ဂျူချန်း (မဇ္ဈိမ)
24 August 2023
လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကိုဝေဖန်သည့် တေးသံရှင်ဗျူဟာ ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခံရ
ဓါတ်ပုံ-ဗျူဟာ facebook

စစ်ကောင်စီလက်ထက်တွင် လျှပ်စစ်မီးပုံမှန်မရရှိခြင်းကို ဝေဖန်ခဲ့သည့် တေးသံရှင်ဗျူဟာအား အင်းစိန်ထောင်အတွင်းရှိ  အထူးတရားရုံးက ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ကြောင်း ၎င်း၏မိသားစု ထံမှ သိရသည်။

“ဒီနေ့(ဩဂုတ်လ၂၃)မှာ အမိန့်ချလိုက်တာ ဟုတ်ပါတယ်။ ကျနော်ကိုယ်တိုင်က တရားခွင်မှာ စီရင်ချက်ချ တဲ့နေရာမှာ မရှိတဲ့လူပါ၊ သူများကြားသလိုပဲ ကြားရတာပါ” ဟု ဗျူဟာ၏ဖခင်ဖြစ်သူ တေးရေးနိုင်မြန်မာ ကမဇ္ဈိမကိုပြောသည်။

မေလ ၂၃ ရက်နေ့ ညပိုင်းတွင် တေးသံရှင်ဗျူဟာက ၎င်း၏ လူမှုကွန်ရက်တွင် စစ်ကောင်စီလက်ထက်၌ လျှပ်စစ်မီးရရှိခြင်းအခြေအနေကို အရပ်သားအစိုးရလက်ထက်နှင့်နှိုင်းယှဉ်၍ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ ပြီး နောက် မေလ ၂၄ ရက်နေ့ စစ်ကောင်စီက နေအိမ်သို့လာရောက်ဖမ်းဆီးသွားခဲ့သည်။

တေးသံရှင်ဗျူဟာ ဖမ်းဆီးခံရပြီးနောက် တစ်ပတ်ခန့်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရခဲ့ ပေ။ ယင်းနောက် ဖမ်းဆီးခံရပြီးသုံးလအကြာ ဩဂုတ် ၂၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်းရှိ အထူး တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အပြင် နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) တို့ဖြင့် ထောင် ဒဏ် နှစ် ၂၀ ချမှတ်လိုက်ခြင်းဖြစ်ပြီး မိသားစုနှင့်လည်းတွေ့ခွင့်မရကြောင်း ဇနီးဖြစ်သူ မခင်ချစ်ကြည်က ပြည်တွင်းမီဒီယာများတွင် ဖြေကြားထားသည်။

စစ်ကောင်စီအနေဖြင့် မူလက တေးသံရှင်ဗျူဟာကို အမြင့်ဆုံးထောင်ဒဏ်သုံးနှစ်အထိသာ ချမှတ်နိုင် သည့် ပုဒ်မ ၅၀၅(က)ဖြင့်သာ စွဲဆိုခဲ့သော်လည်း အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်သည့် ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုလိုက်ခြင်းသည် အငြိုးကြီးစွာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ် ကြောင်း ဥပဒေပညာရှင်တဦးကသုံးသပ်သည်။

“သာမာန်ရိုးရိုးအမှုလို့မရှုမြင်ဘဲ အမြင့်ဆုံးပုဒ်မနဲ့ စွဲလိုက်တဲ့သဘောပေါ့။ စွဲဆိုတဲ့ပုဒ်မကတော့ ပြင်းထန် တယ်။ တကယ်ဆိုရင် ဒါမဖြစ်သင့်ဘူးပေါ့နော်။ ၁၂၄ နဲ့ကျတော့ ပစ်မှုနဲ့ ပစ်ဒဏ်မမျှဘူး” ဟု ဥပဒေပညာ ရှင်တစ်ဦးကမဇ္ဈိမကိုပြောသည်။

စစ်တပ်မှအာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆုံးရှုံးလာပြီး စစ်ကောင်စီက၎င်းတို့အား မထောက်ခံသူများကို ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ  ၂၄,၄၁၀ ဦးရှိပြီး ၁၉,၈၉၅ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက် ၇,၁၇၅ ဦးသည် ထောင်ဒဏ်ချမှတ်ခြင်းခံ ထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly