နိုင်ငံရင်း ပြန်လာချိန် ထောင်ချခံရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ဆေးရုံသို့ ပို့ဆောင်

နိုင်ငံရင်း ပြန်လာချိန် ထောင်ချခံရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ဆေးရုံသို့ ပို့ဆောင်
Photo - REUTERS

ပြည်ပတွင် နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေပြီး နိုင်ငံရင်း ပြန်လာချိန် ထောင်ချခံရဿည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာသည် ထောင်ကျသည့် ပထမရက်မှာပင် ကျန်းမာရေးပြဿနာ ခံစားရခြင်းကြောင့် ညတွင်းချင်း ရဲဘက်ဆိုင်ရာ ဆေးရုံတရုံသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

အသက် ၇၄ နှစ်ရှိ သက်ဆင်၏ ကျန်းမာရေး အခြေအနေကို လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။ 

သက်ဆင်သည် နှလုံးရောဂါ၊ အဆုတ်နှင့် ကျောရိုးဆိုင်ရာ ကျန်းမာရေး ပြဿနာနှင့် သွေးတိုးရောဂါများ ရှိထားခဲ့ကြောင်း အကျဉ်းဦးစီး တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောပြီး ၎င်းအား အနီးကပ် စောင့်ကြည့်သွားမည်ဟု ဆိုသည်။ 

“အကျဉ်းဦးစီးက အခြေအနေကို အကဲဖြတ်ခဲ့တယ်၊ ဒီမှာ လူနာကို ပြုစုကုသနိုင်မယ့် ဆရာဝန်တွေနဲ့ ဆေးဝါးပစ္စည်းတွေ ချို့တဲ့တာ တွေ့ရလို့ သူ့ကို ဆေးရုံ ပို့ဆောင်ခဲ့တာပဲ ဖြစ်တယ်”ဟု အမျိုးသားရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ပရာချောက်ဝန်ဆတ်က ရိုက်တာသို့ ပြောသည်။ 

သက်ဆင်၏ ကျန်းမာရေး ပြဿနာကိုမူ အသေးစိတ် ပြောဆိုခြင်း မရှိပေ။ 

အာဏာအလွဲသုံးမှုနှင့် အကျိုးစီးပွား ထိပ်တိုက်တွေ့မှုတို့၌ အပြစ်ရှိသည်ဆိုကာ သက်ဆင်အနေဖြင့် ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခံရမည်ဖြစ်ကြောင်း တရားရုံးချုပ်က အင်္ဂါနေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly