ကျောက်ကြီး-ရွှေကျင်ကားလမ်းအား စစ်ကောင်စီတပ် ဖျက်ဆီး

By YT  ( မဇ္ဈိမ)
22 August 2023
ကျောက်ကြီး-ရွှေကျင်ကားလမ်းအား စစ်ကောင်စီတပ် ဖျက်ဆီး
ပုံအညွှန်း- ဖျက်ဆီးခံလိုက်ရသည့် ရွှေကျင်မြို့နယ်၊ ရှမ်းရွာမြောက်ပိုင်း ကားလမ်းတစ်နေရာ (ဓါတ်ပုံ- ပေးပို့)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ရှမ်းရွာမြောက်ပိုင်းမှ ကျောက်ကြီး-ရွှေကျင်ကားလမ်းအား စစ်ကောင်စီ တပ်က ဘက်ဟိုးဖြင့် လာရောက်ဖျက်ဆီးသွား၍ ဒေသခံများ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြုံနေ ရကြောင်း သတင်းရရှိသည်။ 

ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီကျော်က ရွှေကျင်-ကျောက်ကြီးကားလမ်း၊ ရှမ်းရွာမြောက်ပိုင်း အထွက်မှလမ်းပိုင်းအား စစ်ကောင်စီတပ်သားနှင့်ရဲ အင်အား ၃၀ ဝန်းကျင်လာရောက်ပြီး ဘက်ဟိုးဖြင့် တူးဆွဖျက်ဆီးသွားခြင်းဖြစ်သည်။

“ဖျက်ခံရတာက ဒီမှာ အဓိကသုံးနေတဲ့ ရွှေကျင်-ကျောက်ကြီး လမ်းမကြီး၊ ရှမ်းရွာအထွက်နေရာမှာပေါ့။ ဖျက်ခံရပြီးချင်းပဲ မနေ့က ဟိုဘက်ရွာတွေကနေ ဈေးလာဝယ်တာ လမ်းဖျက်ဆီးခံထားရမှန်း မသိတဲ့လူ တွေ အရှိန်နဲ့မောင်းလာတာ လမ်းဖျက်ထားတဲ့နေရာရောက်တော့ ပြုတ်ကျပြီး ဆေးရုံရောက်ကုန်တယ်။ လောလောဆယ်တော့ ဖျက်ဆီးခံရတာ တလမ်းပဲရှိပါသေးတယ်။ လမ်းပန်းဆက်သွယ်ရေးက ဘယ်လိုမှ အဆင်မပြေတော့ဘူး” ဟု ရွှေကျင်မြို့နယ် ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။
 
ဘက်ဟိုးဖြင့် ဖျက်ဆီးခံရသည့်လမ်းသည် ဒေသခံများ အဓိကအသုံးပြုနေသည့် ကားလမ်းမကြီးဖြစ်၍ စားနပ်ရိက္ခာသယ်ယူရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများစွာကြုံနေရကြောင်း ဒေသခံတဦး က ဆိုသည်။

ရွှေကျင်-ကျောက်ကြီးကားလမ်းအပြင် ဆိုင်ကယ်များသွားလာနိုင်သော တောလမ်းတခုရှိသော်လည်း အဆိုပါလမ်းပိုင်းတွင် စစ်ကောင်စီတပ်က အစစ်အဆေးများပြုလုပ်နေ၍ သွားလာရကြပ်တည်းကြောင်း သိရသည်။

“တချို့ကတော့ တောလမ်းကသွားတယ်လို့ ပြောတယ်၊ ဆိုင်ကယ်တော့ သွားလို့ရတယ်၊ ဒါပေမယ့် အဲဒီ နေရာတွေမှာ သူတို့(စစ်ကောင်စီတပ်)က လိုက်စစ်တယ်။ ကျွန်မတို့ဆီမှာတော့ ပယ်လမ်းလို့ခေါ်တာပေါ့၊ အဲ့ဒီပယ်လမ်းမှာ သူတို့က ရပ်စောင့်ပြီး ဖုန်းတွေစစ်တယ်၊ ဆိုင်ကယ်တွေစစ်တယ်” ဟု ဒေသခံ အမျိုး သမီးက ဆိုသည်။

လက်ရှိတွင် ရွှေကျင်မြို့နယ်၌ တပ်မဟာ(၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူး ပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်စခန်းများက နေ့စဉ် လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

“ဒီရက်ထဲမှာ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ ဒါပေမယ့် နေ့တိုင်းတော့ လက်နက်ကြီးတွေနဲ့လှမ်းလှမ်း ထုနေတာပဲ။ သူတို့အထိုင်ချထားတဲ့ ရှမ်းရွာမှာ ကင်းစခန်းဂိတ်တခုရှိတယ်။ အဲ့ဒီဂိတ်ကနေပြီး ရွာတွေ ဘက်ကို လှမ်းထုတယ်။ ရွှေကျင်ထိပ်က တံတားကြီးမှာလည်း တပ်တွေ၊ ရဲတွေရှိတယ်။ အဲဒီကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်” ဟု ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာမှ ဒေသခံတဦးက မဇ္ဈိမကို ပြော သည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာချင်းဆက် လမ်းပိုင်း ခြောက် နေရာ၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်းပိုင်း တနေရာနှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိလမ်းပိုင်းအချို့အား စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် တူးဆွ ဖျက်ဆီးခဲ့သေးသည်။ 

စစ်ကောင်စီက ဘက်ဟိုးဖြင့် တူးဆွဖျက်ဆီးသွားသည့် လမ်းပိုင်းများသည် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်မဟာ(၁)နယ်မြေ၊ တပ်မဟာ(၆)နယ်မြေနှင့် တပ်မဟာ(၃)နယ်မြေများတွင် တည်ရှိသည်။ 

KNU နယ်မြေများသည် စစ်ကောင်စီတပ်၊ ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) များနှင့် နယ်မြေခံ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသော နယ်မြေများဖြစ်သည်။

KNU နယ်မြေများသို့ ဝင်ရောက်နိုင်သည့် လမ်းပိုင်းများတွင် စစ်ကောင်စီတပ်က ဂိတ်စခန်းများဖွင့်လှစ်၍ ဆန်၊ ဆီ စသည့် ရိက္ခာသယ်ယူခြင်း၊ ဆေးဝါးသယ်ယူခြင်း၊ ဓါတ်ဆီသယ်ယူခြင်းများအား ကန့်သတ် စစ် ဆေးမှုများ ပြုလုပ်လေ့ရှိသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required