အင်ဒိုနီးရှားမြို့တော်တွင် လေထုညစ်ညမ်းမှုကြောင့် နေအိမ်မှ အလုပ်လုပ်ကြရန် ညွှန်ကြား

အင်ဒိုနီးရှားမြို့တော်တွင် လေထုညစ်ညမ်းမှုကြောင့် နေအိမ်မှ အလုပ်လုပ်ကြရန် ညွှန်ကြား

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ၏ အာဏာပိုင်တို့သည် ပြီးခဲ့သည့်လများမှစပြီး မြို့တော်ကို အသက်ရှုကျပ်စေလျက် ရှိသည့် လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် မြို့နေ အလုပ်သမား၊ ဝန်ထမ်းများ နေအိမ်မှသာ အလုပ်လုပ်ကြရန်နှင့် ကျောင်းသားများ နေအိမ်မှသာ လေ့လာသင်ယူကြရန် ညွှန်ကြားချက် ထုတ်ပြန်သွားမည် ဖြစ်သည်။

လာမည့် စက်တင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ ဂျကာတာတွင် ယခုကဲ့သို့ လေထုညစ်ညမ်းမှု အခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလနောက်ပိုင်း ဂျကာတာသည် ကမ္ဘာ့ လေထုအညစ်ညမ်းဆုံးမြို့ကြီး ၁၀ ခုထဲတွင် ဆက်တိုက် ပါဝင်နေခဲ့သည်ဟု ဆွစ်ဇာလန် လေထု အရည်အသွေး နည်းပညာကုမ္ပဏီ IQAir က ပြုစုသည့် ဒေတာအချက်အလက်များအရ သိရသည်။

ပိုမို ဆိုးဝါးလာသည့် လေထုညစ်ညမ်းမှုအတွက် ရှည်ကြာသော ပူပြင်းခြောက်သွေ့ရာသီအပေါ် အာဏာပိုင်တို့က အများအားဖြင့် အပြစ်ပုံချထားသည်။ အချိန် ရှည်ကြာသော ခြောက်သွေ့ရာသီကြောင့် စက်တပ်ယာဉ်များနှင့် စက်မှုလုပ်ငန်း လည်ပတ်မှုများမှ ထွက်ပေါ်သည့် ညစ်ညမ်းမှုကို ပိုမိုဆိုးဝါးစေသည်။

ယခုသီတင်းပတ်မှစပြီး အောက်တိုဘာ ၂၁ ရက်အထိ မြို့နေ ဝန်ထမ်း၊ အလုပ်သမားများ၏ ၅၀ ရာခိုင်နှုန်းအတွက် အဝေးမှ အလုပ်လုပ်မှု မူဝါဒကို တာဝန်ရှိသူများက စတင် ချမှတ်သွားမည် ဖြစ်ကြောင်း ဂျကာတာ၏ ဆက်သွယ်ရေး၊ ပြန်ကြားရေးနှင့် စာရင်းအင်း အေဂျင်စီ၏ ခေတ္တ အကြီးအကဲ ဆီဂျစ် ဝီဂျတ်မိုကိုက ပြောသည်။

“ဒီ အစီအစဉ်က အများပြည်သူကို တိုက်ရိုက် ဝန်ဆောင်မှု မပေးရတဲ့ ဝန်ထမ်းတွေအပေါ်ပဲ သက်ရောက်စေမှာဖြစ်တယ်” ဟု မစ္စတာ ဆီဂျစ်က ပြီးခဲ့သည့် အပတ်က ပြောသည်။ “ဒီ အဝေးကနေ အလုပ်လုပ်တဲ့ စနစ်က အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေအပေါ် ထိခိုက်မှု မရှိစေအောင် လုပ်သွားမှာဖြစ်တယ်”

ဂျကာတာမြို့တွင် အလုပ်လုပ်ကိုင်နေသူ ဝန်ထမ်း၊လုပ်သား ၂၀၀,၀၀၀ ခန့် ရှိပြီး ၎င်းတို့အနက် ၃၀ ရာခိုင်နှုန်းသည် အစိုးရဝန်ထမ်းများ ဖြစ်သည်။

နောက်ပိုင်းတွင် အာဆီယံ အစည်းအဝေး ကျင်းပမည့် နေရာ အနီးပတ်ဝန်းကျင်ရှိ အလုပ်နေရာများရှိ ဝန်ထမ်းများ၏ ၇၅ ရာခိုင်နှုန်းအပေါ် ယခု အဝေးမှ အလုပ်လုပ်ရသည့် မူဝါဒကို တိုးချဲ့ သက်ရောက်စေမည် ဖြစ်ကြောင်း မစ္စတာ ဆီဂျစ်က ပြောသည်။

အာဆီယံ ထိပ်သီးအစည်းအဝေးကို လာမည့် စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ တောင်ဂျကာတာရှိ ဂျကာတာ ကွန်ဗန်းရှင်းစင်တာတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။

ထို အာဆီယံအုပ်စု အဆင့်မြင့်လယ်ဗယ် အစည်းအဝေး ကျင်းပစဉ်အတွင်း အစည်းအဝေးကျင်းပရာ နေရာအနီးပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများ၌ ကျောင်းသား ၅၀ ရာခိုင်နှုန်းကို နေအိမ်မှသာ သင်ယူစေမှုစနစ်ကို ဖော်ဆောင်ရန် မြို့အာဏာပိုင်တို့က ညွှန်ကြားသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly