အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ စီစဉ်နေ 

အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ စီစဉ်နေ 

အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုသည့် လုပ်ဆောင်ချက်များကို မကြာသေးမီက မြင်တွေ့ခဲ့ရပြီးနောက် ဖိလစ်ပိုင်အနောက်ပိုင်းကမ်းလွန်ရှိ အဆိုပါပင်လယ်တွင် ယခုတစ်ပတ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့က စီစဉ်လျက်ရှိကြောင်း ဖိလစ်ပိုင် တာဝန်ရှိသူများက ဩဂုတ် ၁၃ ရက်တွင် ပြောကြားလိုက်သည်။ 

ယင်း အငြင်းပွားရေပိုင်နက်တွင် တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောများက ဖိလစ်ပိုင် ရေယာဉ်များကို ဩဂုတ် ၅ ရက်တွင် အားပြင်း ရေပိုက်များဖြင့်ထိုး၍  ခိုက်ခဲ့သည်။ အဆိုပါ ရေပြင်သည် ပဋိပက္ခဖြစ်လာနိုင်သည့် နေရာအဖြစ် သတ်မှတ်ထားသည်မှာ ကြာပြီဖြစ်ပြီး ဒေသတွင်း၌ အမေရိကန်နှင့် တရုတ်တို့ကြား အားပြိုင်မှုတွင် ပြဿနာတစ်ရပ် ဖြစ်လာသည်။  

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် အင်အားပြသည့်အနေဖြင့် လေယာဉ်နှင့် ရဟတ်ယာဉ်တင် သင်္ဘော ၃ စင်း ပါဝင်၍ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ထိုကမ်းလွန် စစ်ရေးလေ့ကျင့်မှုအပြီးတွင် သက်ဆိုင်ရာ တပ်မှူးများသည် ဖိလစ်ပိုင် တပ်မှူးများနှင့် မနီလာမြို့တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း ဖိလစ်ပိုင် လုံခြုံရေးအရာရှိ ၂ ဦးက AP သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

အမေရိကန်က USS America လေယာဉ်တင်သင်္ဘောကို တပ်ဖြန့်ရန် စီစဉ်လျက်ရှိပြီး ဂျပန်က ၎င်း၏အကြီးဆုံး စစ်သင်္ဘောဖြစ်သည့် ရဟတ်ယာဉ်တင်သင်္ဘော JS Izumo ကို စေလွှတ်သွားမည် ဖြစ်သည်။ သြစတြေးလျ တော်ဝင်ရေတပ်အနေဖြင့် ရဟတ်ယာဉ်များပါရှိသည့် HMAS Canberra သင်္ဘောကို စေလွှတ်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို လွန်ခဲ့သော လအနည်းက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ 

ဖိလစ်ပိုင်သည် သယ်ယူပို့ဆောင်ရေး ကန့်သတ်ချက်များကြောင့် ယခုသီတင်းပတ်အတွင်း ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်မဟုတ်သော်လည်း နောင်အနာဂတ်တွင် ပါဝင်နိုင်မည်ဟု ယုံကြည်ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။ 

ယခုလ အစောပိုင်းက တင်းမာမှုများ ဖြစ်ပွားပြီးနောက် ဖိလစ်ပိုင်ကို ထောက်ခံကြောင်းနှင့် တရုတ်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း အစောဆုံး ထုတ်ဖော်ပြောဆိုသည့် နိုင်ငံအများတွင် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ ပါဝင်သည်။  

Second Thomas ဟု အမည်ပေးထားသည့် သောင်စွယ်တွင် တပ်စွဲထားသော ဖိလစ်ပိုင်တပ်ဖွဲ့များအတွက် ရိက္ခာများ သယ်ဆောင်လာသည့် ဖိလစ်ပိုင်ရေတပ်၏ စင်းလုံးငှား အရပ်သားရေယာဉ် ၂ စင်းကို တရုတ်ကမ်းခြေစောင့်တပ် သင်္ဘော ၆ စင်းနဲ့ ပြည်သူ့စစ်သင်္ဘော ၂ စင်းက တားဆီးပိတ်ဆို့ခဲ့ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဖိလစ်ပိုင်ထောက်ပံ့ရေးရေယာဉ်တစ်စင်းမှာ တရုတ်ကမ်းခြေစောင့်တပ်၏ အားပြင်းသော ရေအမြောက်ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ကျန်တစ်စီးက သောင်စွယ်ကို စောင့်ကြပ်နေသည့် ဖိလစ်ပိုင်တပ်ဖွဲ့များထံ ရိက္ခာ၊ ရေ၊ လောင်စာနှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ပေးပို့နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။ 

တရုတ်က  ရန်းအိုင်ကျောင်း ဟုခေါ်သော အဆိုပါ သောင်စွယ်သို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့သော ဖိလစ်ပိုင်ရေယာဉ်များကို တရုတ်သင်္ဘောများက ရေအမြောက်များကို အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဝန်ခံခဲ့သည်။  

ယင်းဖြစ်စဉ်အပြီးနောက် တောင်တရုတ်ပင်လယ် အပါအဝင် ဖိလစ်ပိုင်အများပြည်သူသုံး ရေယာဉ်များနှင့် တပ်ဖွဲ့ဝင်များ လက်နက်ကိုင်တိုက်ခိုက်ခြင်းခံရပါက မိမိ၏ကာလရှည် မဟာမိတ်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံကို အကာအကွယ်ပေးရမည့် တာဝန်ရှိကြောင်း အမေရိကန်က သတိပေးချက် ထပ်မံ ထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly