ဝက်လက်က ဟန်လင်းပျူမြို့ဟောင်းအဝင်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

By ရောင်နီ (မဇ္စျိမ)
21 August 2023
ဝက်လက်က ဟန်လင်းပျူမြို့ဟောင်းအဝင်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
ပုံအညွှန်း - စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။ (ပုံ - Black Wolf Army)

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်က ဟန်လင်းပျူမြို့ဟောင်းအဝင်တွင် တပ်အချိန်းအပြောင်းပြုလုပ်သည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း Black Wolf Army တပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့မှ လက်နက်ခဲယမ်း၊ ရိက္ခာများ သယ်ဆောင်ကာ ဟန်လင်းပျူမြို့ဟောင်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဆီသို့ လူချိန်းရန် လာရောက်သည့် အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို သြဂုတ်လ ၁၆ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

အလားတူ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်တွင်လည်း ဟန်လင်းပျူမြို့ဟောင်းမှ ကျောက်မြောင်းမြို့သို့ ပြန်လည်ထွက်ခွာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့သည်။ 

တိုက်ခိုက်မှုများကို ဟန်လင်းပျူမြို့ဟောင်းအဝင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Black Wolf Army တပ်ဖွဲ့တာ၀န်ရှိသူက ပြောသည်။

“ တပ်ချိန်းဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ တပ်ချိန်းပြီးပြန်တဲ့ စစ်ကောင်စီတပ်ကို သတင်းရလို့ သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့တာပါ၊ တိုက်ခိုက်မှုတွေကို ပျူမြို့ဟောင်းအ၀င်မှာပဲ လုပ်ဆောင်တာ ဖြစ်ပါတယ်၊ ဒရုန်းတွေနဲ့ ဗုံးသီးချပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာပါ၊ သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်” ဟု Black Wolf Army တပ်ဖွဲ့တာ၀န်ရှိသူက ဆိုသည်။ 

တိုက်ခိုက်မှုနှစ်ကြိမ်စလုံးတွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးကာ ရှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း Black Wolf Army တပ်ဖွဲ့က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ 

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အရေအတွက်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ခိုက်မှုများကို BLACK WOLF - ARMY ၊ Who am i - army ၊ ရွှေဘိုကျားကြီး၊ ရွှေ ဘိုမင်း၊ တိုက်နယ် (၄) ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။ 

ဝက်လက်မြို့နယ်အတွင်းရှိ ဟန်လင်းပျူမြို့ဟောင်းတွင် စစ်ကောင်စီတပ်အထိုင်ချ တပ်စွဲထားသည်မှာ တနှစ်ကျော်ကြာပြီဟု ဒေသခံများက ပြောသည်။

ထိုသို့ တပ်စွဲပြီးနောက် အနီးပတ်၀န်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လေ့ရှိသကဲ့သို့ ဒေသကာကွယ်ရေး တပ်ဖွဲ့များလည်း ဟန်လင်းပျူမြို့ဟောင်းအတွင်းရှိ စစ်ကောင်စီတပ်ကို မကြာခဏသွားရောက်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ 

လက်ရှိမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေမှုကြောင့် ရွှေဘိုမြို့နယ်ရှိ ချီပါတောင်ကျေးရွာ၊ ချီပါမြောက်ကျေးရွာ၊ မဲတောကျေးရွာ၊ ကျည်ပွေ့ကုန်း ကျေးရွာများမှ ပြည်သူ ၈,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ကြရသည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly