မုံရွာမြို့တွင် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ် အနီးကပ်ပစ်ခံရပြီး ၄ ဦးသေဆုံးဟုဆို

By ပါခွီး(မဇ္စျိမ)
20 August 2023
မုံရွာမြို့တွင် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ် အနီးကပ်ပစ်ခံရပြီး ၄ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တွင် လမ်းမပေါ်တက်၍ လမ်းသွားလာသူများကို စစ်ဆေးကာ အဓမ္မငွေတောင်းခံနေသည့် စစ်ကောင်စီတပ်သားများကို အနီးကပ်ပစ်ခတ်ခဲ့သဖြင့် လေးဦးသေဆုံးကြောင်း Golden Eagle Force – Monywa က  ယနေ့ ဩဂုတ်လ ၂၀ရက်တွင်ဘထုတ်ပြန်သည်။

 ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖောကားစီးကာ မုံရွာမြို့  ၊ ဘိုးဘွားရိပ်သာမြောက်ဘက် ၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ထိုစစ်သားများထံ ဩဂုတ်လ ၁၉ရက် မနက် ၇နာရီတွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော်တို့ အနီးကပ် ကားပေါ်ကဆင်းပြီး ပစ်ခဲ့တာပါ ။ လေးယောက်သေပြီး သေနတ် တလက်ရခဲ့ပါတယ်။ အနားမှာ စစ်ကောင်စီအခြေစိုက်စခန်းတွေလည်းရှိတယ်။   နယ်မြေအခြေအနေအရ ကားကိုတော့ အဲဒီနားမှာပဲ ထားခဲ့လိုက်တယ်” ဟု  Golden Eagle Force ခေါင်းဆောင် ဗိုလ်လင်းယုန်က မဇ္စျိမကို ပြောသည်။

ပစ်ခတ်ရာတွင် စစ်ကာင်စီတပ်သားတဦးက ခုခံပစ်ခတ်နေသဖြင့် သေနတ်တလက်ကိုကောက်ယူပြီး ကားကိုထား၍ ပြန်ဆုတ်ခွာခဲ့ကြောင်း ၎င်းကဆိုသည်။ ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်သားများသည့် မုံရွာမြို့ လ.ဝ.က ရုံးဟောင်းအတွင်းစခန်းချသော စစ်ကောင်စီတပ်သား ၁၀ဦးခန့်ထဲမှ အချို့ဖြစ်ပြီး လက်ရှိတွင် ထို လ.ဝ.က ရုံးဟောင်း၌ စစ်ကောင်စီတပ်သား အင်အား တိုးချထားကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို Golden Eagle Force က  ဦးဆောင်ပြီး ပုဏ္ဏက ပြောက်ကျား တပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း (၂၄) (Monywa Ranger Group Truth Army ) ၊ ကြယ်နီတပ်ဦး (PLA) ၊ Brpther Revolution Force – Monywa နှင့် Ka Nayng Min Thar Gyi – Monywa တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့်ဆက်လက်ပြီး စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ် ချေမှုန်းရေးတွင် စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သဖြင့် မိဘ ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးကြရန် ဗိုလ်လင်းယုန် က မေတ္တာရပ်ခံထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly