ရွှေဘိုတွင် ရွာမီးရှို့ပြီးလုယက်သည့် ပျူစောထီးများကို ကာကွယ်ရေးတပ်ဖွဲ့ ၁၂ ဖွဲ့ ပူးပေါင်းတိုက်ခိုက်

By ပါခွီး (မဇ္ဈိမ)
20 August 2023
ရွှေဘိုတွင် ရွာမီးရှို့ပြီးလုယက်သည့် ပျူစောထီးများကို ကာကွယ်ရေးတပ်ဖွဲ့ ၁၂ ဖွဲ့ ပူးပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ရွာကိုမီးရှို့ပြီး ပစ္စည်းများလုယက်ခိုးယူလာကာ သောက် စားမူးယစ်နေသည့် ပျူစောထီးများကို ကာကွယ်ရေးတပ်ဖွဲ့ ၁၂ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မဟူရာ ရွှေဘိုသား ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ရွှေဘိုမြို့နယ် သီးလုံး၊ မြင်းချင်းနှင့် ပန်းရံကျေးရွာတို့မှ ပျူစောထီးများသည် တောင်ထွတ်ကိုင်းရွာကို မီးရှို့ ပြီး ပစ္စည်းများလုယက်၍ သီးလုံးရွာ၌သောက်စားမူးယစ်နေစဉ် ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ပျူအင်အား ၅၀ လောက် သောက်စားမူးရူးနေကြတယ်သတင်းရလို့ ကျနော်တို့အဖွဲ့တွေ သွားတိုက်ခဲ့ တာပါ” ဟု မဟူရာရွှေဘိုသားကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များသည် နံနက် ၅ နာရီအထိ လေးနာရီကျော်ကြာ လက်နက်ငယ်များ၊ လက်လုပ် ၆၀ မမ များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျူစောထီးများသည် ဒေသခံများကို နေ့စဉ်ကင်းစောင့်ခိုင်းလျက်ရှိသလို ယခုတိုက်ခိုက်မှုအတွင်း ပြည်သူ များကို မီးထိုးခိုင်း၍ ၎င်းတို့၏လက်နက်များကိုယူဆောင်ပြီး သီးလုံးတောင်ရွာစာသင်ကျောင်းသို့ ထွက် ပြေးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း ပျူစောထီးများ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသော်လည်း ပူးပေါင်းတပ်ဖွဲ့ မှ အထိအခိုက်မရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မဟူရာရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်မိကျောင်း၊ ဒေါင်းမာန်၊ ဒေါင်းစစ် သည်၊ ရွှေဘိုစွန်ရဲ(LPDF)၊ ရွှေဘိုအားမာန်၊ Shwebo Federal Army ၊ PREY KITE Shwebo ၊ Eye for Eye၊ Flying Dragon Force နှင့် HG Fighter SBO ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံထောက်တိုင်များအနေဖြင့် ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျနှိပ်စက်နေသမျှ တော်လှန်ရေးညီနောင်များပူးပေါင်းပြီး ဆက်လက်တွန်းလှန်သွားမည်ဖြစ်ကြောင်း မဟူရာရွှေဘိုသား ကာ ကွယ်ရေးအဖွဲ့က သတိပေးထားသည်။

စာတည်း။  ။စောဖေ

#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့နယ်
#ပျူစောထီး
#မဟူရာရွှေဘိုသားကာကွယ်ရေးအဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly