ပခုက္ကူမြို့တွင်  စစ်ကောင်စီဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုရှိဟုဆို

By ကိုခင်မောင်(မဇ္ဈိမ)
19 August 2023
ပခုက္ကူမြို့တွင်  စစ်ကောင်စီဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုရှိဟုဆို

မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန် အမှတ်(၆)လမ်းထိပ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်စခန်းအား ယမန်နေ့ သြဂုတ်လ ၁၈ရက် မွန်းလွဲပိုင်း ၂နာရီ ၄၅မိနစ်အချိန်ခန့်တွင်  ပြောက်ကျားနည်းဖြင့် အနီးကပ်ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း Yesagyo Revolution Group (YRG) ထံက သိရသည်။

“အဲဒီ စစ်ကောင်ဂိတ်စခန်းမှာ အင်အား ၃၀ဝန်းကျင်ရှိပါတယ်။ကျွန်တော်တို့ သွားပစ်တဲ့အချိန် သူတို့ဘက်က ပစ်ချိန်မရဘူး။ ပစ်ခတ်ခဲ့တဲ့ ရဲဘော်တွေရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လဲကျတာတွေ့တယ်။ ပစ်ခတ်မှုဖြစ်ပြီးတော့ လမ်းတွေပိတ်ပြီး စစ်ဆေးတာတွေလည်း တွေ့ရပါတယ်”  ဟု  Yesagyo Revolution Group (YRG)မှ တာဝန်ရှိသူ ကိုရေခဲက မဇ္စျိမသို့ပြောသည်။

ထိုပစ်ခတ်မှုအတွင်း ဘန်ကာအနီး တန်းလျားတွင်ထိုင်နေသော နှစ်ပွင့်ဗိုလ်ကြီးတဦး ဝမ်းဗိုက်နှင့် ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရကာ ပခုက္ကူမြို့ ၊ သပြေညိုဆေးရုံသို့ တက်ရောက်ကုသစဉ် ယမန့်နေ့ ညအချိန်၌ သေဆုံးသွားခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ဗိုလ်ကြီးသည် ပခုက္ကူမြို့ အမှတ်(၆) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး  စက်မှုဇုန်အမှတ်(၆)လမ်းထိပ်ရှိ စစ်ကောင်စီတပ်ဂိတ်တွင်ကုန်ကား၊ ဈေးကားများအား ငွေကြေးကောက်ခံခြင်း၊ပစ္စည်းသိမ်းယူခြင်းများ ပြုလုပ်နေသူဖြစ်သည်ဟုလည်း Yesagyo Revolution Group (YRG)တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့သည် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ လမ်းသွားလမ်းလာ ဒေသခံများအား စစ်ဆေး၍ ငွေတောင်းခံခြင်းများ ပြုလုပ်လေ့ရှိသည်ဟုလည်း ကိုရေခဲက ဆက်ပြောသည်။

ထိုတိုက်ခိုက်မှုကို Yesagyo Revolution Group (YRG)၊ Southern YSO PDF၊ ဒေါင်းစစ်သည်၊ ဒေါင်းညီနောင် မဟာမိတ်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်လည်း ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံရွာအနီးတွင် စစ်ကောင်တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ငါးဦးဒဏ်ရာရကာ သုံးဦးစိုးရိမ်ဒဏ်ရာရသည့် ဖြစ် စဉ် ဖြစ်ပွါးခဲ့သေးဟု Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

စာတည်း။        ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မကွေးတိုင်း
#ပခုက္ကူမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ရုပ်သံအညွှန်း-စစ်ဆေးရေးဂိတ်စခန်းကိုတိုက်ခိုက်မှုပြုလုပ်သည့်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly