ဝမ်ပေါင်ကုမ္ပဏီ၏ ကြေးနီတင်ကားတန်းကို မိုင်း ၁၇လုံး အသုံးပြုတိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
18 August 2023
ဝမ်ပေါင်ကုမ္ပဏီ၏ ကြေးနီတင်ကားတန်းကို မိုင်း ၁၇လုံး အသုံးပြုတိုက်ခိုက်

ဝမ်ပေါင်ကုမ္ပဏီ၏  ကားခုနစ်စီးပါ ကြေးနီတင်ယာဥ်တန်းကို အသွားအပြန်စောင့်၍  မိုင်း ၁၇ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း Brave Heart Army (BHA) က ဩဂုတ်လ ၁၇ရက်တွင် ထုတ်ပြန်သည်။ 

ထိုယာဥ်တန်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ကြေးနီသယ်ရန်ထွက်လာစဥ်တွင် တကြိမ်နှင့်   မုံရွာမြို့မှ ကြေးနီများတင်ဆောင်ကာ  စစ်ကိုင်းမြို့သို့ ပြန်ထွက်လာသည့် လမ်းတွင် သုံးကြိမ် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

“ ကျွန်တော်တို့ ကြေးနီသယ်မယ့် ကားတန်းတွေကို အသွား၊အပြန် စောင့်ပြီးမိုင်း ၁၇လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ ။ အသေအပျောက်ကိုတော့ အတည်မပြုနိုင်ပါဘူး ။  ကားတွေ ထိခိုက်ပျက်စီးသွားတယ်ဆိုတာတော့ သိရပါတယ်” ဟု BHA တာဝန်ရှိသူက ပြော သည်။

စစ်ကိုင်းမြို့မှ ကြေးနီသယ်ရန်ထွက်လာသည် ထိုယာဥ်တန်းကို  ဩဂုတ်လ ၁၄ရက်နေ့ ညနေ ၄နာရီ ၃၅မိနစ်အချိန်တွင် မုံရွာ - မန္တလေး လမ်းပိုင်းတစ်နေရာ၌ ရှေ့ထွက်မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ထိုနောက်   ထိုယာဥ်တန်းသည် ဝမ်ပေါင်ကုမ္ပဏီက အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တွင် ထားရှိထားသည့် ကြေးနီများကို သွားရောက်သယ်ဆောင်လာပြီး စစ်ကိုင်းသို့ ပြန်အလာလမ်းတွင်  ဩဂုတ်လ ၁၅ရက် ညနေ၅နာရီ ၁၆မိနစ်က  ပတ်လည်ကွဲ မိုင်းကြီ ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထိုနောက်  ဩဂုတ်လ ၁၅ရက် ည ၁၂နာရီ ၄၂မိနစ်အချိန်တွင် မိုင်းသုံးလုံး၊  ည၁၂နာရီ ၄၇မိနစ်တွင် ပတ်လည်ကွဲ မိုင်းခြောက်လုံးတို့ဖြင့်  ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုများကို မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု (MLRU) တပ်ခွဲ (၂) Brave Heart Army မှ ဦးဆောင်ပြီး Chindwin Fighter Group တို့ ပူးပေါင်းဆာင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းအသိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly