မြန်မာနိုင်ငံတဝန်း အကူအညီ လိုအပ်နေသူ ၁၈ သန်းအတွက် အကူအညီပိုပေးခွင့်ပြုဖို့ UNOCHA အကြီးအကဲ တောင်းဆို

By မဇ္ဈိမ 
18 August 2023
မြန်မာနိုင်ငံတဝန်း အကူအညီ လိုအပ်နေသူ ၁၈ သန်းအတွက် အကူအညီပိုပေးခွင့်ပြုဖို့ UNOCHA အကြီးအကဲ တောင်းဆို

မြန်မာနိုင်ငံတစ်ဝန်းမှာ အကူအညီလိုအပ်နေတဲ့ ပြည်သူ ၁၈ သန်းကျော်အတွက် လိုအပ်နေတဲ့ ရန်ပုံငွေ တိုးမြှင့်ချထားပေးဖို့နဲ့ မြန်မာနိုင်ငံအတွင်းက ဒေသတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အကူအညီတွေ သွားရောက်ပေးအပ်ခွင့်ပြုဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အကြီးအကဲ Martin Griffiths  (မာတင် ဂရစ်ဖစ်) က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌအပါအဝင် ဝန်ကြီးဌာနတချို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ ခရီးစဉ်အဆုံးမှာ UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် တိုင်းပြည် လူထုရဲ့ ၃ ပုံတပုံဟာ စာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေသလို ပြည်သူတွေကလည်း တိုင်းပြည်က တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီထက်ပိုပြီး ကူညီလုပ်ဆောင်ပေးကြဖို့ မျှော်လင့်နေကြကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နှစ်နှစ်အတွင်းမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက် တဟုန်ထိုးမြင့်တက်လာတာဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ်က အကူအညီ လိုအပ်သူ သုံးသိန်းရှစ်သောင်းကျော် ရှိရာက၊ ၁.၉ သန်း အထိ တိုးလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်မှုတိုးလာနေပေမဲ့ ရန်ပုံငွေရရှိမှု နည်းပါးနေတဲ့အကြောင်း၊ အခုနှစ်ရဲ့ နှစ်တစ်ဝက်ကျော်ကာလအတွင်းမှာ လိုအပ်တဲ့ ရန်ပုံငွေရဲ့  ၂၂ ရာခိုင်နှုန်းပဲ ရသေးတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့က စစ်ကောင်စီခေါင်းဆောင်ကို ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲက တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးရေးကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားချိန် နဲ့ မိုခါမုန်တိုင်းဖြစ်ပွားချိန်တွေမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီပေးမှု နည်းပါးခဲ့တဲ့အကြောင်း UNOCHA အကြီးအကဲနဲ့ တွေ့ဆုံချိန်မှာ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

UNOCHA အကြီးအကဲ မာတင် ဂရစ်ဖစ်ဟာ မိုခါ မုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေးနဲ့ လက်တလော ရေဘေး ထပ်မံ ကြုံနေရလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းအလွန် လူသားချင်း စာနာကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ကန့်သတ် ခံနေရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းပြီး အကူအညီတွေ ပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း Martin Griffiths က ပြောဆိုသွားပါတယ်။ 

မုန်တိုင်းအလွန် အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေရဲ့ လုပ်ငန်းတွေကို စစ်ကောင်စီက ကန့်သတ်ထားချိန်မှာ UNOCHA အကြီးအကဲ ခုလို မြန်မာနိုင်ငံကို လာရောက်တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာက လက်ရှိ ကန့်သတ်မှုတွေနဲ့ပတ်သက်လို့ ဆွေးနွေး ညှိနှိုင်းဖို့ ဖြစ်နိုင်တယ်လို့ ယူဆရပေမဲ့၊ တိုးတက်မှု တစုံတရာ မြင်ရဖို့တော့ မျှော်လင့်ချက် သိပ် မရှိဘူးလို့ အရပ်ဘက် လူမှုကူညီရေး အဖွဲ့တွေက ပြောကြာထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly