နိုင်ငံတချို့က ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ပြော

By မဇ္ဈိမ 
18 August 2023
နိုင်ငံတချို့က ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ပြော

အချို့နိုင်ငံတွေက ဘဏ္ဍာရေးလုံခြုံမှုနဲ့ ယှဉ်တွဲပြီး ဖြစ်လာတဲ့ ဒေါ်လာငွေကြေးကို လက်နက်သဖွယ် အသုံးချနေတယ်လ့ို မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ မော်စကိုမှာကျင်းပနေတဲ့ (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)ကို ပေးပို့ခဲ့တဲ့ Video Message အတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

စားနပ်ရိက္ခာလုံခြုံမှုရှိရေးအတွက် လိုအပ်တဲ့ လောင်စာဆီ၊ ဓာတ်မြေဩဇာအပါအဝင် အထာက်အကူပြုပစ္စည်းတွေကို ရောင်းဝယ်တဲ့အခါ တချို့နိုင်ငံတွေက ဘဏ္ဍာရေးလုံခြုံမှုနဲ့ ယှဉ်တွဲပြီးဖြစ်လာတဲ့ ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ စစ်ခေါင်းဆောင်ကပြောကြားထားတာပါ။

“တချို့နိုင်ငံ” လို့သာ စပ်စွဲပြောဆိုခဲ့ပြီး ဘယ်နိုင်ငံတွေက ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေသလဲဆိုတာကိုတော့ တိတိကျကျပြောဆိုသွားခြင်းမရှိပါဘူး။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံခြားငွေနဲ့ အဓိကဆိုင်တဲ့ နိုင်ငံပိုင် ဘဏ် နှစ်ခုကို အမေရိကန်က အရေးယူပိတ်ဆို့ထားလို့ ဒေါ်လာအကျပ်အတည်းဖြစ်နေတဲ့အခြေအနေမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က မြန်မာ စစ်ကောင်စီရဲ့ ဘဏ္ဍာငွေတွေကို ဖြတ်တောက်ဖို့ ဒေါ်လာလက်ဝယ်မရှိဖို့နဲ့ လောင်စာဆီ ဝယ်ယူမသုံးစွဲနိုင်အောင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ဘဏ်တို့ကို အရေးယူပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။

ရုရှားမှာ မနှစ်ကကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)မှာလည်း စစ်ခေါင်းဆောင်က အလားတူပြောခဲ့ဖူးပြီး နိုင်ငံကြီးတွေက နိုင်ငံငယ်တွေကို ဒေါ်လာ အနိုင်ကျင့်မှုလုပ်နေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အမေရိကန်ဒေါ်လာသုံးစွဲမှု လျှော့ချလိုတဲ့ ရည်ရွယ်ချက်နဲ့ တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ နယ်စပ်ကုန်သွယ်မှုများအတွင်း နှစ်နိုင်ငံငွေကြေးအချင်းချင်း တိုက်ရိုက်ငွေပေးချေမှုတွေ ခွင့်ပြုထားပါတယ်။

ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကျော် နေထိုင်နေတဲ့ အာရှ-ပစိဖိတ်ဒေသအတွက် စားနပ်ရိက္ခာလုံခြုံမှုရှိရေးက အခြေခံအကျဆုံးနဲ့ အဓိကအကျဆုံးလိုအပ်ချက်တစ်ခု ဖြစ်လာတယ် လို့ စစ်ခေါင်းဆောင်က သူ့ရဲ့မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

အာဆီယံထိပ်သီးညီလာခံတွေကို တက်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့ စစ်ခေါင်းဆောင်က ရုရှားကညီလာခံမှာ “အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသော အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှု”ဆိုတဲ့ ခေါင်းစဉ်အောက်က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အာရှ-ပစိဖိတ်ဒေသဟာ လူဦးရေများပြီး ကမ္ဘာ့ကုန်သွယ်ရေးမှာ အချက်အချာကျလို့ အမေရိကန်နိုင်ငံအပါအဝင် ဥရောပသမဂ္ဂနဲ့ NATO အဖွဲ့ဝင်နိုင်ငံတွေက သူတို့ အကျိုးစီးပွားအတွက် အာရှ-ပစိဖိတ်ဒေသအပေါ် စိတ်ဝင်စားမှု မြင့်တက်လာနေတယ်လို့ သူကဆက်ပြောပါတယ်။

‘’ဒေသတွင်းနိုင်ငံတွေ နဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လာတာ တွေ့ရှိရတယ်’’ လို့ စစ်ကောင်စီဥက္ကဋ္ဌ ကပြောပါတယ်။

မနှစ်က အာရှ-ပစိဖိတ်ဒေသရဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁၉ ထရီလီယံခန့်ရှိခဲ့ပြီး စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ်တာကနေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံခန့်ရှိခဲ့တယ် လို့ စစ်ခေါင်းဆောင်က ပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly