ကျောက်တော်မြို့နယ်တရားရုံးမှ ရက်ပေါင်း ၂၀ အတွင်း AA တပ်ဖွဲ့ဝင် ၃၇ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့

ကျောက်တော်မြို့နယ်တရားရုံးမှ ရက်ပေါင်း ၂၀ အတွင်း AA တပ်ဖွဲ့ဝင် ၃၇ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့
ဓာတ်ပုံ -  Arakan National News

ဧပြီ ၇ ။              ။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာ့တပ်မတော် တိုက်ပွားများ၏ နောက်ဆက်တွဲ အဖြစ်ဖမ်းဆီးခံထားရသည့် AA တပ်ဖွဲ့ဝင် ၃၇ ဦးကို ကျောက်တော်မြို့နယ်တရားရုံးမှ မတ်လ ၁၆ ရက်နေ့မှ ဧပြီ ၆ ရက်နေ့အထိ ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်စီ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

AA တပ်ဖွဲ့ဝင်များအား ကျောက်တော်မြို့နယ်တရားရုံးမှ ၂၀၁၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ၂ ဦး၊ မတ်လ ၃၀ ရက်နေ့တွင် ၁၂ ဦး၊ မတ်လ ၃၁ ရက်နေ့တွင် ၁၁ ဦး၊ ဧပြီလ ၄ ရက်နေ့တွင် ၆ ဦးနှင့် ဧပြီလ ၆ ရက်နေ့တွင် ၆ ဦးတို့အား ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်စီ အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ယနေ့ ပြစ်ဒဏ်ချမှတ်သော ၆ ဦးစလုံးကို ပြစ်မှုနှစ်ရပ်စလုံးအတွက် တပြိုက်နက်တည်း ကျခံရန် တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“ ၅ နှစ်ဆိုတာ ဟုတ်ပါတယ်။ ဒီ ၁၇ (၁) နှင့် ၃ နှစ်ချပါတယ် ၁၇ (၂) နှင့် ၅ နှစ်ချတာပါ။ ခွဲပြီးချရင် ၈ နှစ်ကျမှာပေါ့ ဒါပေမဲ့ အခုတော့ ပေါင်းပြီးချလိုက်တဲ့အတွက် ၅ နှစ် ကျသွားတာပါ” ဟု အမှုကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဦးထွန်းလှက မဇ္ဈိမကို ပြောကြားခဲ့သည်။

ယခင် ၃၆ ဦးကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်စီ ချမှတ်ခဲ့ပြီး ယခု ၆ ဦးကို နှစ်ရပ်ပေါင်း ၅ နှစ်စီ တပြိုင်နက်တည်း ကျခံရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး “မကျေနပ်တာက တစ်ခုရှိတယ် ၁၇(၁)နှင့် ၁၇(၂)ဆိုပြီးနှစ်ခုလုံးနှင့် စွဲတာကို သူတို့ကိုယ်တိုင်ကလည်း AA တပ်ဖွဲ့ကစစ်သားပါ တပ်ဖွဲ့ဝင်ပါဆိုပြီး ဝန်ခံပြီးပြီ အဲဒီလိုဝန်ခံထားတဲ့အတွက် ၁၇(၁)ကို ဖြုတ်သင့်တယ်လို့ ကျွန်တော်တို့က မြင်တယ်။ အခုက အဲဒါကို မဖြုတ်ပဲနှစ်ခုလုံးနှင့် ချလိုက်တော့ ၅ နှစ်စီကျသွားတယ်လို့ ကျနော်တို့ကမြင်ပါတယ်။”ဟု ကျောက်တော်မြို့နယ် အရေးပေါ်ထောက်ပံ့ကူညီရေးကော်မတီအဖွဲ့မှ ဦးမောင်ထွန်းခင်က ပြော သည်။

လက်ရှိအချိန်တွင် ကျောက်တော်မြို့နယ် ရဲစခန်းတွင် AA တပ်ဖွဲ့ဝင် တစ်ဦးသာ ကျန်ရှိတော့ပြီဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲစခန်းက ပြောသည်။

ပြစ်ဒဏ်ချမှတ်ခံရသော AA တပ်ဖွဲ့ဝင် ၃၇ ဦးကို စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး ဧပြီ ၉ ရက်နေ့တွင် ၎င်းတို့ကို ထောင်ဝင်စာ သွားရောက်တွေ့ဆုံနိုင်ရန် မိသားစုများက စီစဉ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly