စင်ကာပူ၌ ငွေကြေးခဝါချမှု စီးနင်းမှုအတွင်း အမေရိကန်ဒေါ်လာ ၇၃၅ သန်းခန့် တန်ဖိုး သိမ်းဆည်းရမိ 

စင်ကာပူ၌ ငွေကြေးခဝါချမှု စီးနင်းမှုအတွင်း အမေရိကန်ဒေါ်လာ ၇၃၅ သန်းခန့် တန်ဖိုး သိမ်းဆည်းရမိ 
Photo - BBC News

စင်ကာပူနိုင်ငံ၏ ငွေကြေးခဝါချမှု နှိမ်နင်းရေး အကြီးမားဆုံး စုံစမ်းထောက်လှမ်းမှုအတွင်း တန်ဖိုးကြီးအိမ်များ၊ ကားများနှင့် နာရီများအပါအဝင် စင်ကာပူဒေါ်လာ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၃၅ သန်း) ခန့် တန်ဖိုးကို စင်ကာပူရဲများက သိမ်းဆည်းရမိသည်။ 

စီးနင်းမှုများအတွင်း သိမ်းဆည်းရမိသည့် ပစ္စည်းများတွင် ရွှေချောင်းများ၊ ဒီဇိုင်နာလက်ကိုင်အိတ်များ၊ ဝိုင်များနှင့် ငွေသား စင်ကာပူဒေါ်လာ ၂၃ သန်းလည်း ပါဝင်သည်။ 

စစ်ဆင်ရေးအတွင်း ရဲက လူ ၁၀ ဦးကို ဖမ်းဆီးရမိပြီး အားလုံးမှာ နိုင်ငံခြား ပတ်စ်ပို့ ကိုင်ဆောင်ထားကြသူများ ဖြစ်သည်။ 

ကမ္ဘာ့တွင် ရာဇဝတ်မှု အနည်းပါးဆုံး တနိုင်ငံဖြစ်သည့် စင်ကာပူ၌ ယခုကဲ့သို့ စီးနင်းမှုများက ဖြစ်ခဲသည်။ 

အဆိုပါ စီးနင်းမှုများကို မြို့အနှံ့၌ အင်္ဂါနေ့က တပြိုင်တည်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု စင်ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

နိုင်ငံ၏ တောင်ဘက်စွန်းက အိမ်များ အပါအဝင် အိမ်ပေါင်း ၉၄ လုံးနှင့်အတူ ကားစီးရေ ၅၀ ကိုလည်း သိမ်းဆည်းရမိသည်။ 

အသက် ၃၁ နှစ်မှ ၄၄ နှစ်ရှိ လူဆယ်ဦးကို ငွေကြေးခဝါချမှုနှင့် လိမ်လည်မှုများဖြင့် စွဲဆိုဖမ်းဆီးထားသည်။ ဖမ်းဆီးရမိသူများသည် တရုတ်၊ ကမ္ဘောဒီးယား၊ တူရကီနှင့် ဗင်နော့တူ ပတ်စ်ပို့များ ရှိထားကြောင်း ရဲက ပြောသည်။ 

ထို အုပ်စုသည် “လိမ်လည်ခြင်းနှင့် အွန်လိုင်းလောင်းကစားခြင်းများ အပါအဝင် ပြည်ပမှ ရာဇဝတ်မှုများမှ ရရှိသော ငွေကြေးများကို ခဝါချပေးရာ၌ ပါဝင်သည်ဟု သံသယရှိရကြောင်း” ရဲဌာနက ဆိုသည်။ 

“စင်ကာပူကို ရာဇဝတ်သားတွေအတွက် ဘေးကင်းလုံခြုံရာအဖြစ် အသုံးချနေတာမျိုးကို ကျွန်တော်တို့ လုံးလုံး သည်းမခံဘူး”ဟု ရဲတပ်ဖွဲ့မှ ဉာဏလုပ်သား ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရသည့် ကုန်သွယ်ရေးဆိုင်ရာဌာန ညွှန်ကြားရေးမှူး ဒေးဗစ်ချောက ပြောသည်။ 

“ဒီလို ရာဇဝတ်သားတွေအတွက် ကျွန်တော်တို့ရဲ့ သတင်းစကားက ရှင်းပါတယ်၊ သူတို့ကို မိတာနဲ့ ဖမ်းမှာပဲ၊ သူတို့တွေ တရားမဝင်တာတွေ လုပ်ထားတာ တွေ့တာနဲ့ အဲဒါတွေကို သိမ်းဆည်းမှာပဲ၊ ဥပဒေနဲ့ကို အပြည့်အဝ အရေးယူသွားမယ် ဆိုတာပဲ”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required