ကရင်နီပြည်တပ်မတော်နေ့အခမ်းအနားသို့ CRPH နှင့် မဟာမိတ်များ သ၀ဏ်လွှာပေးပို့

By ဂျူချန်း (မဇ္ဈိမ)
17 August 2023
ကရင်နီပြည်တပ်မတော်နေ့အခမ်းအနားသို့ CRPH နှင့် မဟာမိတ်များ သ၀ဏ်လွှာပေးပို့
ဓါတ်ပုံ- KnIC &  CTER-Karenni ပုံစာ- ၇၅ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့အခမ်းအနား

ယနေ့ ဩဂုတ်လ ၁၇ ရက်တွင် ကျရောက်သည့် ၇၅ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားအား ကရင်နီတပ်မတော်(KA) ထိန်းချုပ်နယ်မြေများတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အပါအဝင် မဟာမိတ်များက သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

အခမ်းအနားတွင် ကရင်နီတပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်က မိန့်ခွန်းပြောကြားရာ၌  “တော်လှန်ရေး မအောင်မြင်လျှင် သားစဉ်မျိုးဆက် ခုနှစ်ဆက် ကျွန်ကဲ့သို့ ရုန်းကန်ရမည်ဟု အတတ်ပြောရဲပါသည်” ဟု သတိပေးသွားပြီး လက်ရှိတော်လှန်ရေးကို အောင်မြင်အောင် ကြိုးစားကြရန်၊ စည်းလုံးညီညွတ်ကြရန် KAနှင့်ကရင်နီအမျိုးသားကာကွယ်ရေးတပ်( KNDF) တပ်ဖွဲ့ဝင်များအား တိုက်တွန်းသည်။

ဓါတ်ပုံ- KnIC &  CTER-Karenni , ပုံစာ- ၇၅ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့အခမ်းအနား
 

လက်ရှိနွေဦးတော်လှန်ရေးတွင် ဗမာလူမျိုးအများစု ပါဝင်တော်လှန်နေကြသဖြင့် အောင်မြင်မည်ဟု လုံးဝယုံကြည်ကြောင်းလည်း ဆိုသည်။

ယနေ့ တွင်ကျရောက်သည့် ကရင်နီပြည်တပ်မတော်နေ့အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO) တို့က သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ အလျင်အမြန် ရောက်ရှိနိုင်ရေး ညီနောင်တိုင်းရင်းသားများနှင့်အတူ ဆက်လက်ပူး‌ပေါင်းကြိုးပမ်းသွားမည်ဟု ကတိသစ္စာပြု‌ကြောင်းCRPH၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံကို လွတ်လပ်ရေးကြေညာပြီးနောက် ၁၉၄၈ ဩဂုတ်လ ၉ ရက်နေ့တွင် ဖဆပလအစိုးရက ကရင်နီပြည်ရှိ ကရင်နီအမျိုးသားအစည်းအရုံးဌာနချုပ်ရှိရာ မန်းလား(မြလဲ) ရွာအား တိုက်ခိုက်ခဲ့သည်။ကရင်နီပြည်တော်လှန်ရေးအင်အားစုများက  ခုခံတော်လှန်ခဲ့ကြရာ ထိုနေ့ကို ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ကြသည်။  တပတ်ခန့်အကြာ သြဂုတ် ၁၇ ရက်နေ့တွင် တပ်မှူးခုနစ်ဦး၊ရဲဘော်ခုနစ်ဦးဖြင့် လွတ်လပ်သော ကရင်နီပြည်ထောင်စုတပ်မတော်(UKSIA) ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် ကရင်နီပြည်တပ်မတော် KA ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။

ယနေ့အခမ်းအနားသို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်၊ အမှတ်(၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအယ်မွှီး၊ အမှတ်(၃) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မယ်ရယ် အပါအဝင် ကရင်နီတပ်မတော် ဗိုလ်မှူးများ၊ တပ်သားများနှင့် ပြည်သူအချို့လည်း တက်ရောက်ခဲ့ကြသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required