နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ ဩဂုတ် ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ ဩဂုတ် ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အကြမ်းဖက်စစ်တပ် လုံးဝပြိုလဲလုနီးဖြစ်နေပြီး ထိန်းမရ သိမ်းမရ အခြေအနေကို ရောက်နေပြီ ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ဩဂုတ် ၁၅ ရက်က ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။ 

  • အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားမြို့တော် ဆန်ခရမ်မဲန်တို့သို့ အမျိုးသားညီညွတ်ရေး အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးသည် မြန်မာ မိသားစု အသိုင်းအဝိုင်းများနှင့် ဩဂုတ် ၁၄ ရက်တွင် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး လက်ရှိနွေဦးတော်လှန်ရေး အခြေအနေများ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၁၅ ရက်၊ မွန်းလွဲ ၁၀ နာရီခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • အမုန်းစကားများကို ရှုတ်ချရန် နှင့် ဘာသာရေးအလွဲသုံးစားလုပ်မှုများကို ကန့်ကွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာက ဘာသာရေး ခေါင်းဆောင်များကို တိုက်တွန်းလိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဇူလိုင်လကုန်အထိ  ထိန်းချုပ်နယ်မြေများတွင် တရားရုံး ၂၈ ရုံးဖွင့်လှစ်ပြီး  စစ်ဘက်ဆိုင်ရာပြစ်မှုတွေကိုပါ စစ်တရားရုံးဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်နေသည်ဟု NUG တရားရေးဝန်ကြီးဌာန သတင်းအချက်အလက်နှင့် နည်းပညာဌာန ညွှန်ကြားရေးမှူးက ပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဂွေးကုန်းရွာကို ဩဂုတ် ၁၆ ရက်၊ နံနက်ပိုင်းက အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၄ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင် မုဒ်ဦး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ဩဂုတ် ၁၄ ရက်၊ ညနေ ၆ နာရီခန့်က ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း Buffalo Soliders Freedom Force (SBDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း နမခတပ် အတွင်းသို့ ဩဂုတ် ၁၅ ရက်၊ မွန်းလွဲ ၁ နာရီခန့်က လက်နက်ခဲယမ်းရိက္ခာ နှင့် စက်သုံးဆီများဖြည့်တင်းရန် တက်လာသည့် စစ်သင်္ဘော ၄ စီးကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) တပ်ဖွဲ့မှ စေတန်တပ်ခွဲမှူးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းရှိ သာစည်ကျေးရွာသို့ အကြမ်းဖက် စစ်တပ်က ပစ်ခတ် သည့် လက်နက်ကြီးကျည်များတွင် ဓာတုအဆိပ် ဓာတ်ငွေ့များ ပါဝင်နိုင်ဖွယ်ရှိပြီး ပြည်သူ ၂၀ ဦးခန့် အဆိပ်သင့်ဆေးဝါး ကုသမှုခံယူခဲ့ရကြောင်း Mobile Medical Team MMT West Division အဖွဲ့မှ ဆရာမ Radio Ohm ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ ယမားတံတားအနီး နှင့် ဝါဒိုင်စိုက်ပျိုးရေးရုံးအနီးတွင် ဩဂုတ် ၁၆ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသူ ခုနစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ပေကုန်းရွာကို ဩဂုတ် ၁၅ ရက်၊ ညနေ ၃ နာရီခန့်က အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ရိက္ခာနှင့် စစ်လက်နက်များ တင်ဆောင်လာသော သင်္ဘောအုပ်စုကို ဩဂုတ် ၁၅ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့အဝင်တွင် ပိတ်ဆို့တားဆီးမှုပြုလုပ်ပြီး ခရီးသွားပြည်သူများထံမှ ပိုက်ဆံကောက်နေသည့် အကြမ်းဖက် စစ်တပ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် တပ်သား ၄ ဦး ကျည်ထိမှန်ကာ ၊ ဗိုလ်ကြီး အဆင့်ရှိသူ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု Yan Gyi Aung People Defense Force  မှ ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်း - မုံရွာလမ်းမပေါ် ဖြတ်သန်းသွားလာနေသည့် အကြမ်းဖက် စစ်ကား များကို Moe Nyo Revolution Force နှင့် PENTAGRAM ညီနောင် ပူးပေါင်းတပ်ဖွဲ့က ၂ ရက်တာ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force – MNRF က ဩဂုတ် ၁၅ ရက်စွဲဖြင့် ထုတ်ပြန်သည်။ 

  • မြိုင် ပ.က.ဖ တပ်ရင်း(၂)က တက်တူး(ခ)ဘထက်(ခ)ထက်ဝေယံသည်  M 16 သေနတ် တစ် လက် ယူဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းသွားသောကြောင့် ၎င်းသွားရောက် ဖူးသည့် PDFတပ်စခန်းများ ပြောင်းရွှေ့ကြရန် မြိုင်ပ.က.ဖက အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်သည်။ 

  • မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ဩဂုတ် ၁၅ ရက်၊ နံနက် ၉ နာရီခန့်က အကြမ်းဖက် စစ်ကောင် စီ တပ်သားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ဗူးတောင်းကျေးရွာအနီး ပုသိမ်-မုံရွာ လမ်းမပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် ၅ မိုင် စစ်ဆေးရေးဂိတ်ကို ဩဂုတ် ၁၅ ရက်၊ ညနေ ၄ နာရီခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း သရက် ခရိုင် တပ်ရင်း ၄ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။ 

  • ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇလုပ်ကြီးရွာကို ဩဂုတ် ၁၆ ရက်၊ နံနက် ၈ နာရီခန့်က စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြော သည်။ 

  • ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် မေလ မှ ဩဂုတ် ၁၅ ရက်ထိ ၄ လတာ အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၁  ဦးကို သတ်ဖြတ်ပြီး ကျေးရွာများကို စစ်ကြောင်း ထိုးနေသဖြင့် ရွာပေါင်း ၄၀ ကျော်မှ ပြည်သူ ၈၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေး နေရကြောင်း ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီထံမှ သိရသည်။ 

  • မွန်ပြည်နယ်၊ သထုံမြို့နှင့် ဘီးလင်းမြို့အကြား ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမကြီးပေါ် နှင့် အနီးတဝိုက်တွင် ဇူလိုင် ၂၄ ရက်မှ ဩဂုတ် ၆ ရက်ထိ ၁၃ ရက်အတွင်း တိုက်ပွဲ ၁၀ ကြိမ် ဖြစ် ပွား ခဲ့ကာ အကြမ်းဖက်စစ်သား ၂၀ ကျော်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF ၄ ဦး ကျဆုံးခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းထံမှ သိရသည်။ 

  • ကရင်နီ(ကယား)ပြည်နယ်တွင် ယခုဩဂုတ်လအတွင်းဖြစ်ပွားသော တိုက်ပွဲများတွင် ကလော အခြေစိုက် တပ်မ ၅၅ လက် အောက်ခံ ခလရ ၃ တပ်နှင့် ခလရ ၁၁၂ တပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ အရာရှိနှင့်စစ်သည် ၃၀ ဦး သေဆုံးသွား ကြောင်း စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • ရခိုင်ပြည်နယ်တွင် အမျိုသမီးများအခွင့်အရေးနှင့် လူမှုရေးလုပ်ငန်းများကို တက်တက် ကြွကြွ ဆောင်ရွက်နေသည့် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို စစ်တွေဆန်ပြဿနာ နေ့ ပွဲလုပ်ခြင်းနှင့် ပတ်သက်၍ ယမန်နေ့ ဩဂုတ် ၁၅ ရက်က စစ်ကောင်စီတပ်က ဖမ်းဆီး သွားကြောင်း သိရသည်။ 

  • အသက်ကန့်သတ်ချက်များလျှော့ပေါ့ပြီး ဝန်ကြီးဌာနခြောက်ခုက လစ်လပ်နေသည့် ရာထူးနေရာ ၇၀၀ နီးပါးအတွက် အလုပ်လျှောက်လွှာများခေါ်ယူကာ ဝန်ထမ်းအင်အားဖြည့်တင်းရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း CDM အသိုင်းအဝိုင်းက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ဩဂုတ် ၁၅ ရက်၊ နံနက် ၄ နာရီခွဲခန့်က KNLA နှင့် PDF တပ်များ သိမ်းပိုက်ထားသော လက်ခတ်တောင်ကို အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်လာပြီး လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည့်အတွက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှု များပြားခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရှေ့တန်းတော်လှန်ရေး သတင်းရင်း မြစ်တချို့ထံမှ သိရသည်။ 

  • ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မတူပီ-ဟားခါးလမ်းပိုင်းတနေရာ မြေပြိုနေ၍ ခရီးသွားလာခြင်းမပြုလုပ်ကြရန် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF-Matupi က သြဂုတ် ၁၄ ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ 

  • နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် စစ်ကောင်စီ တည်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဩဂုတ် ၁၉ ရက်အထိ အခမဲ့ ဖူးမြော်ခွင့် ရက်ထပ်တိုးလိုက်ပြီး ဩဂုတ် ၂၀ ရက်က စတင်ကာ ဝင်ကြေးကောက်ခံသွားမည် ဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

  • မြန်မာနိုင်ငံတွင် ကိုဗစ် (၁၉) ရောဂါဖြစ်ပွားချိန် နှင့် မိုခါ မုန်တိုင်းဒဏ်သင့်ချိန်တို့၌ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီပေးမှုများ နည်းပါးခဲ့သည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ် ၁၅ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်တွင် UNOCHA အကြီးအကဲနှင့်တွေ့ဆုံစဥ် ပြောသည်။ 

  • မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများနှင့် ပတ်သက်၍ စစ်ကောင်စီ အဖွဲ့ဝင် ပြည်ထဲ‌ရေးဝန်ကြီး ရာပြည့် နှင့် UNOCHA အကြီးအကဲ Mr. Martin Griffiths တို့ ဩဂုတ် ၁၅ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း နယ်လုံဝန်ကြီးအား အစားထိုးခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ဩဂုတ် ၁၅ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့သည်။ 

  • အမေရိကန်ဒေါ်လာ အရန်ငွေ အလွန်နည်းပါးနေသည့် စစ်ကောင်စီက ထိုင်းဘတ်ကို ပြည်တွင်းတွင် နိုင်ငံတကာငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့် ငွေကြေးအဖြစ် သတ်မှတ်ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။ 

  • စစ်ကောင်စီ လက်အောက်ခံ ထားဝယ်အကျဉ်းထောင် ဒုထောင်မှူး၏ နေအိမ်တွင် ဌာနဆိုင်ရာအရာရှိများ ပိုင်ဆိုင်သော မူးယစ်ဆေးဝါး အများအပြား တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းအရင်းမြစ်အချို့က ပြောသည်။   

  • ရွှေဗျိုင်းဖြူ ဆီ နှင့် ဓာတ်ငွေ့ ကုမ္ပဏီလီမိတက်တစ်ခုတည်းကိုသာ စာရင်းရှင်းလင်း ဖျက်သိမ်း ခြင်းဖြစ်ပြီး စက်သုံးဆီဆိုင်များကို ဖွင့်လှစ်ထားမည်ဖြစ်သည့်အတွက် ယခင်အတိုင်း ဝယ်ယူသုံးစွဲ နိုင်ကြောင်း ရွှေဗျိုင်းဖြူ ကုမ္ပဏီလီမိတက်ဘက်မှ အသိပေး ထုတ်ပြန်ထားသည်။ 

  • ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက် ထားမှုကို ဩဂုတ် ၂၅ ရက်က စတင်လက်ခံ ဆောင်ရွက်ပေးသွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာလိုက်သည်။ 

  • တိုင်းဒေသကြီး နှင့် ပြည်နယ် ၉ ခုတွင် ဇူလိုင်လ ဒုတိယပတ်ကနေ ဩဂုတ်လအထိ ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၆,၀၀၀ နီးပါး၊ လူဦးရေ စုစုပေါင်း ၇၀,၀၀၀ ကျော် ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည်ဟု စစ်ကောင်စီ လက်အောက်ခံ လူမှုဝန်ထမ်း ကယ်ဆယ် ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရသည်။ 

ဩဂုတ် ၁၆ ရက် သုံးသပ်ချက်  

  • အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်သည် ဦးဇော်ဇော်အပါအဝင် ခရိုနီသဌေး များထံမှ ဘုရားတည်ရန်အတွက် အေးဓားပြတိုက်သည့်အပြင် ပြည်သူများကိုလည်း ဘုရားဘန်း ပြပြီး ဝင်ကြေးပိုက်ဆံ ကောက်စားသည်အထိ စီးပွားရေးသောင်းကျန်းနေသည်။ 

  • စစ်ကောင်စီက ထိုင်းဘတ်ကို နိုင်ငံတကာငွေပေးချေနိုင်သည့် ငွေကြေးအဖြစ် သတ်မှတ် လိုက်ခြင်းသည် ဒေါ်လာငွေ နည်းပါးနေသည်မှာ ပေါ်လွင်နေသည်။ 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly