ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သစ်အား လာမည့် သီတင်းပတ်၌ ရွေးကောက်မည် 

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သစ်အား လာမည့် သီတင်းပတ်၌ ရွေးကောက်မည် 

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သစ်အား ရွေးကောက်တင်မြှောက်ရန်အတွက် လွှတ်တော်က လာမည့် သီတင်းပတ်တွင် တွေ့ဆုံစည်းဝေးမည် ဖြစ်သည်။ 

အောက်လွှတ်တော်မှ ရွေးချယ်ခံ အမတ်များနှင့် စစ်တပ်ခန့်အပ်သော ဆီးနိတ်လွှတ်တော်အမတ်များ၏ ပူးတွဲအစည်းအဝေးကို ဩဂုတ် ၂၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဝန်မူဟာမတ်နော်မတ်သာက သတင်းထောက်များအား ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ချီပါတီမှ ခေါင်းဆောင် ဖိထာ လင်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် အရွေးခံမှုမှ နှစ်ကြိမ်တိုင် ပိတ်ဆို့သည့် လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ရှေ့သို့ချီပါတီက တရားဝင်လျှောက်လွှာ တင်သွင်းမှုကို ဖွဲ့စည်းပုံခုံရုံးက ပယ်ချလိုက်ပြီးနောက် ယခု လွှတ်တော်နှစ်ရပ် စည်းဝေးမည့် ကြေညာချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ 

လွှတ်တော်၏ ဆုံးဖြတ်ချက်အပေါ် ရှေ့သို့ချီပါတီမှ ကန့်ကွက်အရေးဆိုမှုသည် ၎င်းတို့၏ အခွင့်အရေးကို တိုက်ရိုက်ချိုးဖောက်ခြင်း မရှိသဖြင့် သင့်တော်မှု မရှိကြောင်း အဖွဲ့ဝင် ကိုးဦးပါ ဖွဲ့စည်းပုံခုံရုံးက တညီတညွတ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာနှင့် ဆက်စပ်သော ဖျူထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သစ်၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် လွှတ်တော်၏ အတည်ပြုချက် ရရေးအတွက် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး စရတ်သာ သာဗီဆင်းက ကြိုးပမ်းသွားမည် ဖြစ်သည်။ 

ဖျူထိုင်းပါတီအနေဖြင့် ဖိထာ၏ ရှေ့သို့ချီပါတီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့နှင့် ခွဲထွက်ပြီးနောက်တွင် ကွန်ဆာဗေးတစ်ပါတီအချို့နှင့် ဆက်ဆံရေး တည်ဆောက်နေသည်။ 

ဖျူထိုင်းပါတီဘက် နိုင်ငံရေးပါတီများ ရပ်တည်ချက်ပြောင်းခြင်းသည် အထွေထွေရွေးကောက်ပွဲအပြီး သုံးလကြာမြင့်ချိန်၌ အစိုးရသစ် ထူထောင်နိုင်ရေးကို အကူအညီ ဖြစ်စေလိမ့်မည်ဟု ရင်းနှီးမြှုပ်နှံသူများက မှန်းဆလျက် ရှိသည်။ 

လက်ရှိ အောက်လွှတ်တော်တွင် အမတ် ၂၃၈ နေရာ ထောက်ခံမှု ရထားသည့် ဖျူထိုင်းပါတီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့အနေဖြင့် ယခင်က အတိုက်အခံပြု ကန့်ကွက်ထားသော ဆီးနိတ်မှ ဖြစ်စေ၊ စစ်တပ်နောက်ခံသော ပါတီများမှ ဖြစ်စေ ထောက်ခံမှု များစွာ ရရှိရန် လိုအပ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly