ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ရိက္ခာဂိုဒေါင် စီးနင်းခံရ

By ဂျူချန်း (မဇ္ဈိမ)
16 August 2023
ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ရိက္ခာဂိုဒေါင် စီးနင်းခံရ
ဓါတ်ပုံ- KA (B2) ဩဂုတ် ၁၃ ရက်နေ့ ထိုင်း-ကရင်နီနယ်စပ်တွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်များ။ 43m

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ရိက္ခာသိုလှောင်သည့် ဂိုဒေါင်တခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဩဂုတ်လ ၁၃ ရက်၊ ညနေပိုင်းတွင် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီတပ်မတော် (KA) တပ်ရင်း (၂) မှ ထုတ်ပြန်သည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ MA1 သေနတ် လေးလက်၊ လက်ပစ်ဗုံး ၁၂ လုံး၊ ၆၀ မမ ဗုံးသီး ၁၁ လုံး၊ MA magazine ၃၁ ခု၊ ဆက်သွယ်ရေးစက်ကြီး တလုံး၊ ဖုန်း ငါးလုံးအပါအဝင် ကျည်ဆန်၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များပါဝင်ကြောင်းရေးသားထားပြီး ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်၏ရိက္ခာဂိုဒေါင်အား စီးနင်းတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ကရင်နီတပ်မတော် တပ်ရင်း (၂) သို့ မဇ္ဈိမမှ တယ်လီဖုန်းဖြင့် ဆယ်ကြိမ်ထက်မနည်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်၍မရခဲ့ပေ။

ဝင်ရောက်တိုက်ခိုက်မှု၌ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ ရိက္ခာဂိုဒေါင်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်မှ ကန္တာရဝတီတိုင်းမ်သတင်းဌာနသို့ အတည်ပြုပြောကြားထားသည်။

စစ်ကောင်စီတပ်ဘက်မှလည်း ဩဂုတ်လ ၁၄ ရက်၊ နံနက် ၃ နာရီခန့်တွင် KA တပ်စခန်းကုန်းနေရာသို့ လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KA တပ်ရင်း(၂) မှ ထုတ်ပြန်သည်။

ကရင်နီပြည်နယ် နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး မြေပြင်တိုက်ပွဲတွင် ကျည်ပြန်ဖြည့်ရန် လိုအပ်သောကြောင့် ပြည်သူများအနေဖြင့် နီးစပ်သည့်တော်လှန်ရေးအဖွဲ့အစည်းများထံသို့ အားဖြည့်ကူညီပေးကြရန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့တွင်လည်း ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်မှ စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်ထားသည့် ဒုတပ်ကြပ်တဦးအပါဝင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly