အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ သွားရောက်

By မဇ္ဈိမ 
16 August 2023
အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ သွားရောက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို အမေရိကန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့က ဩဂုတ်လ ၁၄ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ ရိုဟင်ဂျာဒုက္ခသည် တချို့ တွေ့ဆုံခွင့်ရခဲ့ပြီး စားနပ်ရိက္ခာလျော့ချခံရတဲ့ကိစ္စနဲ့ နေရပ်ပြန်ရေးကိစ္စတွေ ဆွေးနွေးတင်ပြခွင့်ရခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေကို သိနိုင်ဖို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာတော့ ရီပတ်ဘလစ်ကန်အောက်လွှတ်တော်အမတ် Richard McCormick နဲ့ အာဏာရ ဒီမိုကရက်ပါတီအမတ် Ed Case တို့ အပါအဝင် အဖွဲ့ဝင် ၁၁ ဦး လိုက်ပါသွားခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တိမ်းရှောင်ခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စီစဉ်နေပေမဲ့ လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့  အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ UNHCR အပါအဝင် နိုင်ငံတကာအကူညီပေးရေးအဖွဲ့တွေရဲ့ လုပ်ငန်းတွေကိုလည်း လေ့လာခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

မကြာသေးခင်ကလည်း ရိုဟင်ဂျာအကျပ်အတည်းကို ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖြေရှင်းချက်ရဖို့အတွက် ခိုင်မာသေချာတဲ့ နိုင်ငံတကာအကူအညီတွေကို စုစည်းဖို့ OIC-UNHCR ပူးတွဲကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်က တိုက်တွန်း လိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးနဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့ မွေးရပ်မြေ၊ မြန်မာ ဒါမှမဟုတ် တတိယနိုင်ငံကို ပြန်လည်နေရာချထားရေးဟာ ရိုဟင်ဂျာ အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းသာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က ပြောဆိုထားပါတယ်။

ဒီလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ဒုက္ခသည်တွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ်တုန်းက စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်သွားခဲ့ကြတာပါ။

အဲဒီအချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်အရေအတွက် ၉ သိန်းခွဲကျော်အထိရှိနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ထုတ်ပြန်ပြောဆိုထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly