အစိုးရအဖွဲ့အနေဖြင့် လက်နက်ခဲယမ်းမီးကျောက်များ လုံလောက်စွာရရှိရေးု အထူးအာရုံစိုက်ရန် လိုအပ်ကြောင်း NUG ယာယီသမ္မတပြော

By မဇ္ဈိမ 
16 August 2023
အစိုးရအဖွဲ့အနေဖြင့် လက်နက်ခဲယမ်းမီးကျောက်များ လုံလောက်စွာရရှိရေးု အထူးအာရုံစိုက်ရန် လိုအပ်ကြောင်း NUG ယာယီသမ္မတပြော

NUGအစိုးရအဖွဲ့အနေနဲ့ လက်နက်ခဲယမ်းမီးကျောက် လုံလောက်စွာရရှိရေးကို အထူးအာရုံစိုက်ဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကပြောသည်။

လက်ရှိ ကြိုးစားအားထုတ်မှုထက် နှစ်ဆ၊ သုံးဆ ပိုအားထုတ်ရန်လည်း ယာယီသမ္မတက တိုက်တွန်းထားသည်။

ဩဂုတ်လ ၁၅ ရက်နေ့ တွင် ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၇ / ၂၀၂၃ အစိုးရ အဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

လက်ရှိတွင် အားလုံး၏ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် အကြမ်းဖက်စစ်တပ် လုံးဝပြိုလဲလုနီးဖြစ်နေပြီး ထိန်းမရ၊သိမ်းမရ အခြေအနေကို ရောက်နေပြီဖြစ်သည်ဟုလည်း ပြောကြားသည်။

ယခုလိုဖြစ်လာချိန်မှာ တစ်ဖက်ကလည်း  မိမိတို့ တော်လှန်ရေးအဖွဲ့များ အင်အားယုတ်လျှော့စေရန် စိတ်ဓာတ်စစ်ဆင်ရေး ပိုမိုလုပ်ဆောင်လာကြောင်း ယာယီသမ္မတက သတိပေးထားသည်။

ညီညွတ်မှုပျက်ပြားအောင် PDF အချင်းချင်းကြား သွေးကွဲမှုတွေလုပ်ဆောင်လာတာ တွေ့ရမှာဖြစ်ပြီး  NUG အစိုးရနှင့် ပြည်သူကြား အထင်လွဲမှုဖြစ်အောင်အကွက်ဆင်လုပ်ဆောင်လာနေတာမျိုးလည်း တွေ့ရကြောင်း ပြောကြားထားသည်။

ထို့ကြောင့်  မိမိတို့ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှကို အဆုံးသတ်ဖျက်သိမ်းရေး၊ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတို့ကို မျက်ခြေမပြတ် တစိုက်မတ်မတ် လုပ်ဆောင်ဖို့လိုကြောင်း သမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ရန်နှင့်  စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ဒုက္ခခံစားနေရသည့် ပြည်သူလူထုကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သမ္မတက မှာကြားထားသည်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေးအတွက် ခုခံတော်လှန်စစ် ဆင်နွှဲနေရသကဲ့သို့ တစ်ဖက်တွင်လည်း စစ်ကောင်စီ၏ ထိုးစစ်ကြောင့် နေ့စဉ်နီးပါး စစ်ဘေးရှောင်လူထု အရေ အတွက် များပြားလာနေသည်ဟု ယာယီသမ္မတက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအလုပ်များ ဖိဖိစီးစီးမလုပ်နိုင်လေ ပြည်သူဒုက္ခ ပိုကြီးမားလာလေလေဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး လုပ်ငန်းစဉ်များလည်း ပိုမိုလိုအပ်လာကြောင်း ပြောသည်။

ထို့ကြောင့် ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေ ပိုမို စွမ်းရည်မြှင့်တက်လာမှသာ ပြည်သူတို့ရဲ့ ဒုက္ခ၊သုက္ခတွေကို လျော့ပါးအောင် ကာကွယ်ပေးထားနိုင်မှာဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။ 

စစ်ကောင်စီက အရပ်သားပြည်သူလူထုကို စစ်ရေးပစ်မှတ်အဖြစ် ထိုးစစ်ဆင်နေခြင်းအား နိုင်ငံတကာ အသိုင်းအဝန်းက အသေအချာ နားလည်ရန်အထူးလိုအပ်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားပြီး နည်းနာပေါင်းစုံသုံးပြီး   နိုင်ငံတကာနှင့် ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ဆောင်ရွက်ရန်လည်း ယာယီသမ္မတက မှာကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly