၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာမှာ မြန်မာနိုင်ငံက အလှည့်ကျတာဝန်ယူမယ့် အစီအစဉ်ကို တစ်နှစ်ရွှေ့ဆိုင်းလိုက်တယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ထိုင်းအခြေစိုက် PBS သတင်းဌာနက ဩဂုတ်လ ၁၅ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
နိုင်ငံတွင်းအခြေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်နေသေးတဲ့အတွက် အလှည့်ကျဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံက ရှောင်ပေးလိမ့်မယ်လို့ သံတမန်အသိုက်အဝန်းမှာ ပြောနေကြကြောင်း ထိုင်း PBS သတင်း က ဆိုပါတယ်။
ဒါကြောင့် အဲဒီနှစ်အတွက် ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်ကယူပြီး မြန်မာနိုင်ငံက ၂၀၂၇ ခုနှစ်မှ ယူမယ်လို့လည်း ဆိုပါတယ်။
နေပြည်တော်မှာ ဖြစ်ပျက်နေတာတွေအရ မြန်မာနိုင်ငံတွင်းက လက်ရှိအခြေအနေနဲ့ အနာဂတ် မရေရာမှုတွေကို ဖော်ပြနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာစစ်ကောင်စီဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာ အများအပြားနဲ့ ရင်ဆိုင်နေရပြီး၊ အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တိုးပွားလာနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတယ်လို့ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၆ တုန်းကလည်း မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာနဲ့ ပြည်တွင်းပြဿနာတွေကြောင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။
အဲ့ဒီတုန်းက လာအိုနိုင်ငံက အစားထိုး တာဝန်ယူခဲ့ရပါတယ်။
အာဆီယံအဖွဲ့ထဲမှာ ဥက္ကဋ္ဌတာဝန်ကို တိုင်းပြည် နာမည် အင်္ဂလိပ်အက္ခရာစဉ်အလိုက် ထမ်းဆောင်ကြရတာပါ။
လာမဲ့ ၂၀၂၄ ခုနှစ်အတွက် လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန် ယူမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ မလေးရှားနိုင်ငံက တာဝန်ယူမှာဖြစ်ပါတယ်။
အလှည့်ကျ ဥက္ကဋ္ဌ ဟာ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ သက်ဆိုင်ရာ ထိပ်သီးအစည်းအဝေးတွေ၊ အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊ အာဆီယံအသိုက်အဝန်း ကောင်စီ သုံးရပ် နဲ့ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးအဆင့်အစည်းအဝေးတွေကျင်းပဖို့ တာဝန်ယူရပါတယ်။
အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်မဖော်နိုင်တာကြောင့် စစ်ကောင်စီခေါင်းဆောင်တွေကို နိုင်ငံရေးအဆင့် အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပေးဖို့ အာဆီယံက ဆုံးဖြတ်ထားတာပါ။
လွန်ခဲ့တဲ့လများအတွင်း အင်ဒိုနီးရှားဟာ ASEAN ဥက္ကဌအနေနဲ့ မြန်မာမှ သက်ဆိုင်သူအားလုံးနဲ့ထိတွေ့ ဆက်ဆံဖို့ ကြိုးစားခဲ့ပါတယ်။
ဇူလိုင်လအစောပိုင်းအထိ အင်ဒိုနီးရှားဟာ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ အပါအဝင် မြန်မာမှ အဓိကပတ်သက်သူတွေနဲ့ အကြိမ် ၁၁၀ ကျော် ထိတွေ့ဆက်ဆံခဲ့ကြောင်း ပြောကြားထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၁၉၉၇ ခုနှစ်မှာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာခဲ့သလို စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေဟာလည်း အာဆီယံအနေနဲ့ ခေါင်းကိုက်စရာ ဖြစ်လာနေတာပါ။
အာဆီယံအနေနဲ့ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်တွေ့မှာတော့ ကြေညာချက်တွေ ထက်ပိုမလာသေးပါဘူး။