စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေ

By Spring
15 August 2023
စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေ

အရေးပေါ်ကာလ သက်တမ်းတိုးပြီး နယ်မြေရှင်းလင်းရေး အရှိန်မြှင့်နေတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကိုင်ခုခံမှုတွေရှိနေတဲ့ ဒေသတွေမှာ လေကြောင်းနဲ့ရော လက်နက်ကြီးတွေနဲ့ပါ နေ့စဉ်တိုက်ခိုက် ပစ်ခတ်နေပါတယ်။  

နိုင်ငံအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် သြဂုတ် ၁၁ ရက်ကနေ  ၁၂ ရက်နေ့အထိ ၂ရက်အတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်လေးခုမှာ အရပ်သား ခြောက်ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့ နဲ့ ငါးမိုင်ခန့်အကွာ ခွါဖိုကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၄ ရက် မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆွန်တလာရွာထဲမှာလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ဒေသခံ သုံးဦး ဒဏ်ရာ ရရှိခဲ့ပြီး လေကြောင်းက တိုက်ခိုက်တဲ့အတွက်  ဆွန်တလာရွာအနီး ရမ်ထလိုရွာက ဒေသခံ ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်းမြို့နယ်က တလိုင်းရွာကိုတော့ စစ်ကောင်စီတပ်က ဩဂုတ် ၁၁ ရက်က  ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။ ဒီ့အတွက်  ရှစ်လသားအရွယ် ကလေးငယ် အပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ ဩဂုတ် ၁၁ ရက်မှာပဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အရင်ပစ်ခတ်ပြီး ဝက်လက်မြို့နယ် ပယ်သူကြီးရွာကို လက်နက်ကြီးနဲ့ ဝင်ရောက်လာလို့  လူတွေ ထွက်ပြေးချိန်မှာ ပစ်ခတ်တဲ့အတွက် လူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

အလားတူ ကယား (ကရင်နီ) ပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ ကရင်နီဒေသ နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေပြီး ဖရူဆို-ဒီမော့ဆို လမ်းမကြီးဘက်မှာတော့ နေ့စဉ်လိုလို နှစ်ဘက် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်း တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘုရားကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တဲ့အကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ကရင်ပြည်နယ်အတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၄၈၀ ကျော် ရှိနေတယ်လို့ သြဂုတ်လ ၁၀ ရက်မှာပြုလုပ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်တွေရဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ကတော့ မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှု ပိုမိုကျူးလွန်လာသလို ပြောင်ပြောင်တင်းတင်း အရှက် အကြောက်မဲ့ ကျူးလွန်တဲ့ အထောက်အထား တွေ့ရတယ်လို့ ဩဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
  
IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ထောက်ပြထားတဲ့ စစ်ရာဇဝတ်မှုတွေဟာ စစ်ကိုင်းနဲ့ ကရင်နီလို ဒေသတွေမှာတော့ နေ့စဉ် ကြုံတွေ့နေရတာဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြပါတယ်။ 

#politicalnews
#newsfeature
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly