ရခိုင်မှာ မုန်တိုင်းဒဏ်အပြင် ရေဘေးကြောင့် အရေးပေါ်အကူအညီလိုနေ

By Spring
15 August 2023
ရခိုင်မှာ မုန်တိုင်းဒဏ်အပြင် ရေဘေးကြောင့် အရေးပေါ်အကူအညီလိုနေ

ရခိုင်ပြည်သူများအနေဖြင့် မိုခါမုန်တိုင်းဒဏ်အပြင်ရေကြီးမှုကိုပါရင်ဆိုင်နေရခြင်းကြောင့် အရေးပေါ် အကူအညီများ အမြန်ဆုံးကူညီပေးရန် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင်တပ်တော်(ULA/AA)က ဩဂုတ် ၁၄ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ရေကြီးမှုဖြစ်စဉ်အတွင်း လူ ၆ ဦးသေဆုံးပြီး အိမ်ခြေ ၃ သောင်းခန့် ရေလွှမ်းခံခဲ့ရသည်ဟု ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်(ULA)ရဲ့ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။

ရခိုင်ရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် တောင်ကုတ်စသည့်မြို့နယ် ၇ ခုတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့၍ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကျေးရွာပေါင်း ၃၉ဝ နှင့် အိမ်ခြေပေါင်း ၂၈ဝ၇၂  အိမ် ရေလွှမ်းမိုးခံခဲ့ရသည်ဟု ULA ၏ စာရင်းက ဆိုသည်။

ရခိုင်ဒေသသည် မေလလယ်ပိုင်းကလည်း မိုခါမုန်တိုင်းတိုက်ခတ်မှု ခံခဲ့ရသည်၊ ယခုအခါ ရေကြီးမှုကိုပါ ထပ်မံကြုံရခြင်းကြောင့် အခြေခံစားသောက်ကုန်၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ ရရန် အရေးပေါ်လိုအပ်လျက်ရှိသည်ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ အခြေအနေများကြောင့် ရေဘေး၊ လေဘေး ဒဏ်သင့်များအတွက် လတ်တလော အရေးတကြီးလိုအပ်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးလုပ်ငန်းများ၊ မျိုးစပါးများ၊ လယ်ယာသုံးနှင့် ရေလုပ်ငန်းသုံးပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အကူအညီပေးကြရန် AA က အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများကို တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် မေ ၁၄ က မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံ ပျက်စီးမှုများစွာရှိခဲ့သည်။

ပြည်သူများလည်း အရေးပေါ်အကူအညီ လိုအပ်နေသော်လည်း စစ်ကောင်စီ ကူညီထောက်ပံ့ပေးမှု နည်းပါးနေပြီး နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်ပင် ကန့်သတ်ထားသည်။

အဓိက မုန်တိုင်းဒဏ်ခံရသည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ ရမ်းဗြဲ စသည့်မြို့နယ်များတွင် လုံခြုံသည့် အမိုးအကာ အောက်သို့ ရောက်ရှိရန် အခက်အခဲများရှိနေသေးသည်ဟု ဆိုကြသည်။

AAက ဖွဲ့စည်းထားသည့် အရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ကော်မတီကလည်း ဇူလိုင် ၁၄ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ မိုခါမုန်တိုင်းကြောင့် အမိုးအကာအောက် မရောက်သေးသူများအားလုံး အမြန်ဆုံးရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု အသိပေးသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်မှ မြို့နယ် (၁၇)မြို့နယ်စလုံးအား သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် ဒေသများအဖြစ် ကြေညာခဲ့ပြီး မုန်တိုင်းတိုက်ပြီး ၂ လအတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန်စသည့် ပြည်နယ်များအပါအဝင် တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ရန်ကုန်တိုင်းဒေသကြီးတွေမှာပါ သြဂုတ်လ ပထမအပတ်အတွင်း မိုးများပြီး ရေကြီးခဲ့မှုကြောင့် လူဦးရေ ၆ သောင်းကျော်အပေါ် ထိခိုက်မှုရှိခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ထားသည်။

#politicalnews
#newsfeature
#mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly