မြန်မာ စစ်ဘေးဒုက္ခသည်တွေအတွက် အန္တရာယ်ကင်းဇုန်အဖြစ် လူသားချင်းစာနာထောက်ထားမှု စင်္ကြန်တစ်ခုဖွင့်ဖို့  ထိုင်းလွှတ်တော်မှာ တင်ပြ ဆွေးနွေး 

By Spring
15 August 2023
မြန်မာ စစ်ဘေးဒုက္ခသည်တွေအတွက် အန္တရာယ်ကင်းဇုန်အဖြစ် လူသားချင်းစာနာထောက်ထားမှု စင်္ကြန်တစ်ခုဖွင့်ဖို့  ထိုင်းလွှတ်တော်မှာ တင်ပြ ဆွေးနွေး 

တိုက်ပွဲတွေကြောင့် မြန်မာပြည်က ထွက်ပြေးလာတဲ့သူတွေအတွက် အန္တရာယ်ကင်းမဲ့ဇုန်တစ်ခု ဖွင့်နိုင်ရေး Fair party အမတ် ကန်နာဝီ ဆစ်ဘ်ဆန် (Kanawee Suebsaeng)  က ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌကို သြဂုတ်လ ၁ဝ ရက်နေ့က အကြံပြုတင်ပြခဲ့ပါတယ်။

မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊စစ်ရာဇဝတ်ကျူးလွန်မှုတွေကြောင့် ထိုင်း - မြန်မာ နယ်စပ်တလျှောက် လာရောက်ခိုလှုံနေတဲ့ မြန်မာစစ် ဘေး ဒုက္ခ‌သည်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ ထိုင်းအောက်လွှတ်တော် အစည်း အဝေးမှာတင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကန်နာဝီ ဆစ်ဘ်ဆန်(Kannavee Suebsaeng) ဟာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့  ညွန့်ပေါင်းအဖြစ်ဖွဲ့စည်းထားတဲ့  ပါတီ ၈ ခု ထဲက တစ်ပါတီ ဖြစ်တဲ့ Fair Party ရဲ့ အထွေထွေ အတွင်းရေးမှူး တစ်ဦးဖြစ်သလို အောက်လွှတ်တော် အမတ်လည်းဖြစ်ပါတယ်။

သူဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖောင်ဒေးရှင်းတွေ ထူထောင်ခဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၃၀၀,၀၀၀ ကျော်အတွက် ဘာတွေပြင်ဆင်ထားကြမလဲ…ဘာတွေ လုပ်ဆောင်လို့ ရသေးလဲဆိုတာ ထိုင်းဝန်ကြီးချုပ်ကနေ အထူးအလေးပေး ဆွေးနွေးရတော့မှာ ဖြစ်ပါတယ်လို့ လွှတ်တော်အမတ် ကန်နာဝီ ကဆိုပါတယ်။

ကန်နာဝီ ဆစ်ဘ်ဆန် (Kanvee Suebsaeng) ရဲ့ တင်ပြချက်ထဲမှာ ထိုင်း-မြန်မာ နယ်စပ်က ပြည်သူတွေအတွက် လိုအပ်တဲ့ အကာအကွယ် တွေပေးနိုင် ရေး အတွက် အဓိက အချက် သုံးချက် ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ကန်နာဝီ ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။

ပထမအချက်အနေနဲ့  ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ အန္တရာယ်ကင်းဇုန်အဖြစ်သတ်မှတ်ဖို့ လူသားချင်းစာနာ ထောက် ထားမှုစင်္ကြန် (Humanitarian Corridor) တစ်ခုကို နှစ်နိုင်ငံ နယ်နမိတ်ထဲကနေ ၅ ကီလိုမီတာ အကွာအဝေး အညီအမျှ သတ်မှတ်ပေးဖို့ မြန်မာစစ်တပ်နဲ့ ဆွေးရန်လိုအပ်ကြောင်း တင်ပြခဲ့တာဖြစ်ပါတယ်။

အန္တရာယ်ကင်းဇုန် သတ်မှတ်ပေးနိုင်ရင် နယ်စပ်တလျှောက်က ထိုင်းနိုင်ငံသားတွေ ကြုံတွေ့ရမယ့် ဝန်ထုပ်ဝန်ပိုးတွေ လျော့နည်းသွားမယ့်အပြင် ထွက်ပြေးလာသူတွေအနေနဲ့လည်း အဲဒီနေရာမှာ လုံလုံခြုံခြုံနေနိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယအဆင့်အနေနဲ့ နှစ်နိုင်ငံ သီးသန့်ဆွေးနွေးတာမဟုတ်ဘဲ နိုင်ငံပေါင်းစုံ ပူးပေါင်းဆွေးနွေးတာမျိုး လုပ်‌ဆောင်သင့်ကြောင့် တင်ပြခဲ့ပါတယ်။ 

အထူးသဖြင့် အာဆီယံ  ဘုံသဘောတူညီချက် ၅ ရပ်အရ  အာဆီယံ အထူးသံ တမန်ကတဆင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တလျှောက် “ဘေးကင်း‌ရေးဇုန်”(Safety Zone) ကို အမြန်ဆုံး အကောင် အထည်ဖော်ရေး တွန်းအားပေးသင့် တယ်လို့ အကြံပြုခဲ့တာဖြစ်ပါတယ်။

တတိယအကြံပြုချက်ကတော့ အနာဂတ်ကာလမှာ အမျိုးသား လုံခြုံ ရေး ကောင်စီ ဥက္ကဋ္ဌ ဖြစ်လာမယ့် ထိုင်းဝန်ကြီးချုပ်အနေနဲ့ လူသားချင်း စာနာထောက်ထားမှုစင်္ကြန် (Humanitarian Corridor) ဖွင့်လှစ်နိုင်ရေး အတွက် မူဝါဒကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဆိုပါတယ်။

မြန်မာဒုက္ခသည်တွေကို ကူညီရေးနဲ့ အန္တရာယ်ကင်းမဲ့ဇုန်ပေါ်ပေါက်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံရုံးတွေနဲ့ ပြည်တွင်းပြည်ပလူမှုအဖွဲ့အစည်းတွေကို ဖိတ်ခေါ်တိုင်ပင်ဆွေးနွေးပြီး အကူအညီတွေ ရယူဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ မြေပြင်နဲ့ဝေဟင်က မဆင်မခြင်ထိုးစစ်တွေကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်စလုံး ထိုင်းလူ့ဘောင် အသိုင်းအဝန်းကို ထိခိုက်စေခဲ့ကြောင်း၊ အဲဒီလူ သုံးသိန်း ထိုင်းနိုင်ငံထဲရောက်လာရင် သူတို့အားလုံးကို လက်ခံနိုင်ဖို့ အခြေအနေမရှိတာကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ ထိုင်းနိုင်ငံအတွက် စိန်ခေါ်ချက်တွေဖြစ်နေတယ်လို့လည်း ပြောပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဒီပြဿနာတွေကို အဖြေရှာဖို့ ဝန်ကြီးချုပ်ထံ စာရေးသားတင်ပြဖို့လည်း Fair party အမတ် Kanawee Suebsaeng က အကြံပြုခဲ့ပါတယ်။

#politicalnews
#newsfeature
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly