ဘင်္ဂလားဒေ့ရှ်တွင် ဩဂုတ်လအတွင်း ရေကြီးမှုကြောင့် လူ ၅၀ ကျော် သေဆုံး

ဘင်္ဂလားဒေ့ရှ်တွင် ဩဂုတ်လအတွင်း ရေကြီးမှုကြောင့် လူ ၅၀ ကျော် သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် သီတင်းနှစ်ပတ်ကြာ မိုးကြီးပြီး ရေကြီး၊ မြေပြိုမှုများ ဖြစ်ပေါ်၍ လူ ၅၅ ဦးထက်မနည်း သေဆုံးပြီး လူတစ်သန်းကျော် ထိခိုက်ဒုက္ခရောက်ခဲ့ရကြောင်း တာဝန်ရှိသူများက ဩဂုတ် ၁၃ ရက်တွင် ပြောသည်။

ဩဂုတ် ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်သော ရေကြီးမှု၊ မြေပြိုမှုများကြောင့် ကော့ဇ် ဘဇားတွင် လူ ၂၁ ဦး၊ စစ်တကောင်းတွင် ၁၉ ဦး၊ ဘန်ဒါဘန်တွင် ၁၀ ဦးနှင့် ရန်ဂါမာတီတွင် ငါးဦးတို့ သေဆုံးခဲ့ကြောင်း အဆိုးဝါးဆုံး ထိခိုက်ခဲ့သည့် ဒေသလေးခုမှ အုပ်ချုပ်ရေးတာဝန်ရှိသူများက ပြောသည်။

“ခုနောက်ပိုင်းနှစ်တွေထဲမှာ မိုးရေချိန်အများဆုံး မိုးရွာသွန်းမှုတချို့ ရှိနေတယ်” ဟု ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန အကြီးအကဲ အဇစ်ဇာ ရာမန်က အေအက်ဖ်ပီကို ပြောသည်။

ဩဂုတ်လ ၇ ရက် တစ်နေ့တည်းမှာတင် မိုးရေချိန် ၃၁၂ မီလီမီတာ (၁၂ လက်မ) အဖြစ် မှတ်တမ်းရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

ဩဂုတ် ၁၁ ရက်အထိ ဒေသတွင် မိုးကြီးမှုဒဏ်ခံခဲ့ရပြီး ရုတ်တရက် ရေကြီးမှုများကို ဖြစ်စေသလို မြစ်ချောင်းများ လျှံကျပြီး ကျေးရွာ ရာချီကို ရေလွှမ်းစေခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

ရေ ပြန်လည် စကျပြီးနောက်မှသာ သေဆုံးသူမည်မျှ ရှိသလဲဆိုသည်ကို အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။

နွေ မုတ်သုံကြောင့် တောင်အာရှတွင် ယင်း၏ တစ်နှစ်တာ မိုးရေချိန်၏ ၈၀ ရာခိုင်နှုန်းခန့်ကို ရွာသွန်းစေပြီး ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံး၊ ထိခိုက်ပျက်စီးမှုများကို ဖြစ်စေသည်။

မိုးရေချိန်က ခန့်မှန်းရ ခက်ခဲသလို ယင်းသည် အတော်ပင် ခြားနားပြောင်းလဲသည် ဆိုသော်လည်း ရာသီဥတု ပြောင်းလဲမှုက မုတ်သုံရာသီကို ပိုမိုအားကောင်းစေပြီး ပို၍ အပြောင်းအလဲ မြန်စေလျက် ရှိကြောင်း သိပ္ပံပညာရှင်တို့က ပြောသည်။ သစ်တောပြုန်းမှုနှင့် တောင်စောင်းများတွင် ဆောက်လုပ်ခြင်းတို့ကြောင့် ရုတ်တရက် ရေကြီးမှုများကို ပိုဆိုးစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly