ရွှေဘိုတွင် စစ်ကောင်စီတပ်စစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

By ရောင်နီ (မဇ္ဈိမ)
14 August 2023
ရွှေဘိုတွင် စစ်ကောင်စီတပ်စစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဒဏ်ရာရတပ်သားနှစ်ဦးပါ၀င်သည့် စစ်ကောင်စီစစ်ကြောင်း ကို ဒရုန်းဖြင့်တိုက်ခိုက်ရာ အထိအခိုက်ရှိခဲ့ကြောင်း ရွှေဘို LPDF တပ်ဖွဲ့တာဝန်ခံ ဗိုလ်ဂျပန်ကြီးက မဇ္ဈိမ ကို ပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့ကဖြစ်ပွားခဲ့သော ကူးတို့ဆိပ်ကျေးရွာတိုက်ပွဲတွင် ဒဏ်ရာရရှိသွားသည့် စစ်ကောင် စီတပ်ဖွဲ့ဝင်နှစ်ဦးပါ စစ်ကြောင်းသည် သြဂုတ်လ ၁၂ ရက်နေ့က ပျူစောထီးများနှင့်ပူးပေါင်းကာ မင်းဘေး ကျေးရွာချောင်းကို ဖြတ်ကူးရန်ပြင်ဆင်နေစဥ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

“အရင်ရက်တုန်းက ကူးတို့ဆိပ်ပျူရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေ ၀င်တိုက်တာရှိတယ်၊ တနေကုန်ပစ်ကြ တာ။ အဲဒီတိုက်ပွဲမှာ စစ်ကူလာပြီး ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို ပျူစောထီးတွေက ပြန်လိုက် ပို့တဲ့အချိန် ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးနှစ်လုံးချပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု တပ်ဖွဲ့တာ၀န်ခံ ဗိုလ်ဂျပန် ကြီးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ညောင်ကိုင်း၊ တည်သီးတောကျေးရွာသို့သွားရောက်ရန် ကာကွယ်ရေးတပ်ဖွဲ့များ ဖြတ်တောက်ထားသည့် မင်းဘေးချောင်းတံတားအောက်မှ လှေပေါ်သို့အတက် တွင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်ကို မသိရသေး ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ယင်းတရက်တည်းမှာပင် ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ထံ ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ ဇီးဖြူကုန်းကစစ်ကောင်စီတပ်ကို ထောက်ပို့လာတဲ့စစ်ကြောင်း အထုပ်အပိုးတွေချနေတဲ့အချိန် ဗုံးသီး နှစ်လုံး ကြဲချခဲ့တာပါ၊ သူတို့ လူအုပ်ထဲ အတိအကျ ပေါက်ကွဲသွားပါတယ်၊ သုံးကောင်သေပြီး နှစ်ကောင် ဒဏ်ရာရပါတယ်” ဗိုလ်ဂျပန်ကြီးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကို ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးတပ် - ဗိုလ်ဂျပန်ကြီး-ရွှေဘို LPDF အဖွဲ့ အပါအ၀င် ကာကွယ်ရေးတပ်ဖွဲ့ကိုးဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင်လည်း ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ ဆက်တိုက်ခံနေရသည့် စစ်ကောင်စီတပ် က ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များက ပြောသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

#ရွှေဘို

#ဒရုန်း

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly