နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ ဩဂုတ် ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ ဩဂုတ် ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ ဝါးလုံးပြွန်ရွာတွင် အခြေချ တပ်စွဲထားသည့် အင်အား ၄၀ ဦး ခန့်ရှိ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ၄၀ မမ လက်နက်ကြီး  ၁ လုံးပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်က သြဂုတ် ၁၃ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ 

  • ပဲခူးတိုင်းအပါအ၀င် တိုင်းနှင့်ပြည်နယ် ငါးခုတွင် ထပ်မံ မိုးကြီးနိုင်သည့်အတွက် သတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲရေး၀န်ကြီးဌာန (MOHADM) က သတင်းထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ် ၁၄ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင်ကာ ဩဂုတ် ၁၄ ရက်တွင် ဒေသခံပြည်သူများလည်း ပူးပေါင်းပါဝင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာအဝင် ကျောက်ခွဲစက်အနီး ဩဂုတ် ၁၂ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်က သားအမိနှစ်ဦးကို သတ်ဖြတ်ကာ မီးရှို့အလောင်း ဖျောက်ဖျက်ခဲ့သည်ဟု ဒေသခံတော်လှန်ရေးအင်အားစုများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယခုလ ၇ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံးပြီး တော်လှန် ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း ULF တပ်ပေါင်းစု (Dragon Brothers Task Force-DBTF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲတိုင်းရုံး နှင့် ထွေအုပ်ရုံးပေါ်ကို ဩဂုတ် ၁၃ ရက်၊ ညနေ ၅ နာရီခွဲခန့်က ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက် ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း ပေါက်ကံရွာကို ဩဂုတ် ၁၃ ရက်၊ ညနေ ၃ နာရီ မိနစ် ၄၀ ခန့်က အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးဒဏ်ရာရှိခဲ့ကြောင်း ပြည်သူ့အစေခံတော်လှန်ရေး -ဝက်လက်မြို့ နယ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ မြောင်မြို့ရှိ ရဲစခန်း နှင့် အထွေထွေအုပ်ချုပ်‌‌ရေးမှူးရုံးကို ဩဂုတ် ၁၃ ရက်၊ နံနက်အစောပိုင်းက တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့ (CDSOM) ထံမှ သိရသည်။ 

  • ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်ကာ ယနေ့ သြဂုတ် ၁၄ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 

  • မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ဩဂုတ် ၁၃ ရက်၊ နံနက် ၇ နာရီကျော်ခန့်က အကြမ်းဖက်စစ်ကြောင်းကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သာကျင်းကျေးရွာတွင် ဩဂုတ် ၁၃ ရက်၊ မွန်းလွဲ ၃ နာရီခန့်က ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးအပါအဝင် လူလေးဦး သေနတ်ဖြင့် ပစ်ခတ်သတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ (ပျူ) ရွာကို ဩဂုတ် ၁၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Earthquake People’s Defense က သတင်းထုတ်ပြန်သည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများတပ်ဦး - MVRF မှ ရဲဘော်များအတွက် စောင်၊ ခြင် ထောင်များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း ကျေးရွာများတပ်ဦး - MVRF ထံမှ သိရသည်။ 

  • မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်သည့် လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံ အရပ်သား နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာ ရရှိ သွား ကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ယမန်နေ့ ဩဂုတ် ၁၃ ရက်က ထုတ်ပြန်သည်။ 

  • ပဲခူးတိုင်း ၊ မင်းလှမြို့နယ်တွင် ဩဂုတ် ၁၃ ရက်၊ နံနက် ၁၁ နာရီခန့်က အကြမ်းဖက်စစ်သားများ တပ်ချိန်းပြီး စီးနင်းလိုက်ပါလာသည့် ဖောကား ၁ စီးကို သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၂ ၏ တပ်ခွဲ ၅ မှ စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဟိန္ဒားရွာမှ ပျူစောထီး ၁ ဦးကို ဩဂုတ် ၁၂ ရက်က PDF တပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။ 

  • ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ရပ်စောက်မြို့နယ်၊ စစ်ကောင်စီ၏ ဗထူးတပ်မြို့ တည်ရှိရာဒေသ အင်တောမြို့မှာ နာမည်ကြီး ပျူစောထီး ခေါင်းဆောင်ဆိုသူ တစ်ဦးသည် နေအိမ်တွင် ဩဂုတ် ၁၃ ရက်၊ ည ၉ နာရီခန့်က ရှင်းလင်းပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။ 

  • ချင်းပြည်နယ်၊ ထန်တလန်မြိုနယ်၊ ခွါဖိုကျေးရွာကို ယနေ့ ဩဂုတ် ၁၄ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း နှင့် နေအိမ် အချို့ ပျက်စီးသွားကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။ 

  • ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း (International Bago Division Association - IBDA) က ကြီးမှူးပြီး တော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ဩဂုတ် ၁၃ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နှင့် ကသာမြို့ကြားတွင် ဩဂုတ် ၁၄ ရက်၊ နံနက်အစောပိုင်း ၁ နာရီ ခန့်က စစ်ကောင်စီ၏ ရိက္ခာသည်ယာဉ် နှစ်စီးကို KIA/PDF အဖွဲ့ နှင့် အေဘီတပ်(ABSDF) တော် လှန်ရေး ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးမှုရှိခဲ့သည်ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF)ထံမှ သိရသည်။ 

  • အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်းများအနေဖြင့် CDM ပြုလုပ်ရန် တအာင်းတပ်မတော် (TNLA) က တရားဝင်ကြေညာချက်ထုတ်ပြန်ထားရာ သတ်မှတ်ကာလ မကုန်သေး၍ အရေးယူမှုအပိုင်း မရှိသေးခြင်းဖြစ်သည်ဟု TNLA သတင်းပြန်ကြားရေးဌာန ဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်၏ ပြောဆိုချက်ကို ကိုးကားပြီး လူထုနွေဦး သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကရင်ကျောက်ဖျာရွာကို ဩဂုတ် ၁၂ ရက်၊ နံနက် ၁၀ နာရီခန့်က အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာ ရပြီး နေအိမ်နှင့် ပစ္စည်းများ ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ - ဒူးပလာယာခရိုင်က ထုတ်ပြန် ထား သည်။ 

  • ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်-ရှားတော လမ်းမကြီးပေါ်ရှိ လွယ်မော်တောင်အနီးတွင် ဩဂုတ် ၁၁ ရက်၊ နံနက် ၈ နာရီခန့်က တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း KNDF တပ်ရင်း ၁၄ ထံမှ သိရသည်။ 

  • ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုအား ဩဂုတ် ၁၂ ရက်၊ ညနေပိုင်းက ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အကျအဆုံး၊ အထိအခိုက်များပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင် တပ်ရင်း ခလရ ၂၆၈ စခန်းကို ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။ 

  • မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နှင့် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ တံတားဂိတ် ၂ ခု ကို ဩဂုတ် ၁၁ ရက်က မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း Alpha Bats Drone တပ်ဖွဲ့မှ တာဝန်ရှိသူ  တစ်ဦးက ပြောသည်။ 

  • ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်က ဒေသခံလေးဦးကို အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးနှိပ်စက်ပြီး ၁ ဦးကို သတ်ဖြတ်လိုက်ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ သတင်းထုတ်ပြန်သည်။ 

  • ရှမ်းပြည်နယ်က ပြည်သူများအနေဖြင့် ခေတ်ကာလ တိုးတက်လာသည့် နည်းတူ ဆိုရှယ် မီဒီယာကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့် အတွက် ဆိုရှယ်မီဒီယာကို အကျိုးရှိရှိ အသုံးပြုကြရန် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ-RCSS ပြန်ကြားရေးက ယနေ့ ထုတ်ပြန်လိုက်သည်။ 

စစ်ကောင်စီ 

  • မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံရေး ရောယှက်မှု ကင်းရှင်းစွာ သတင်းအချက် အလက် ဖလှယ်မှုများ နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် လိုအပ်သည်ဟု စစ်ကောင်စီ အဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးသစ် ရာပြည့်က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ဩဂုတ် ၁၀ ရက်ကနေ ၁၁ ရက်အထိ ကျင်းပသည့် ၈ ကြိမ် မြောက် အာဆီယံမူးယစ် ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ပြောသည်။ 

  • နှစ်လကျော်အတွင်း ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မည့်သူ ဆေးကုရန် သွားရောက် မည့်သူ နှင့် ပညာသင်သွားရောက်မည့်သူများကို အမေရိကန်ဒေါ်လာ ၈ သိန်းနီးပါး အသေးသုံး နိုင်ငံခြားငွေအဖြစ် ရောင်းချပေးခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ 

  • ပြည်ပကို ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဩဂုတ် ၄ ရက်အထိ  ၄ လကာလကျော်အတွင်း ပဲမျိုးစုံ တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၄၆၃ သန်းကျော် ရရှိထားသည်ဟု စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။ 

  • အမေရိကန် တစ်ဒေါ်လာ ၃၇၀၀ ကျပ် နီးပါး ရောက်ရှိလာမှုသည် နိုင်ငံခြား ငွေကြေးကို  စျေး ကစားသူများလက်ချက်ကြောင့်ဟု စစ်ကောင်စီ ဗဟိုဘဏ်က ဩဂုတ်လ ၁၂ ရက်နေ့တွင် နိုင်ငံခြားငွေကြေး ထိန်းသိမ်းကြပ်မတ်ရေး အစည်းအဝေးတွင် ပြောဆိုပြီး အရေးယူမည်ဟု ခြိမ်းခြောက်လိုက်ကြောင်း သိရသည်။ 

  • ရှမ်းပြည်နယ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်၊ နောင်ချိုမြို့အခြေစိုက် အမှတ် ၁၁၄ ခြေမြန်တပ်ရင်း-ခမရ ၁၁၄ တွင် တပ်ရင်းတစ်ခုလုံး အင်အား ၁၃၂ ဦးသာ ကျန်ရှိ တော့ကြောင်း နေပြည်တော် စစ်ရုံးသို့ တင်ပြသည့် လျှို့ဝှက်တင်ပြစာအရ သိရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်နယ်အတွင်း Non-CDM ဝန်ထမ်းများအားလုံးကို စစ်တပ်၏ အရန်အင်အားအဖြစ် စုဆောင်းပြီး တပ်ရင်းအသွင်ဖွဲ့စည်း တာဝန်ပေးအပ်ရန် ညွှန်ကြား ထားကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲ တပ်ဖွဲ့က ပျူစောထီးများကို နေ့တွက် ၂၀,၀၀၀ ကျပ်ပေးပြီး အရပ်ဝတ်ဖြင့် ဆိုင်ကယ် ဖမ်းခိုင်း နေကြောင်း မြို့ခံများက ပြောသည်။ 

ဩဂုတ် ၁၄ ရက် သုံးသပ်ချက်  

  • နိုင်ငံတစ်ဝန်း ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးမှု များပြားနေသည့် စစ်ကောင်စီတပ်သည် Non-CDM ဝန်ထမ်းများကို စစ်တပ်အရန်အင်အားအဖြစ် ဖွဲ့စည်းရန် လုပ်ဆောင်နေသည်ကို ကြည့်ပါက အင်အားယုတ်လျော့လာသည့် စစ်တပ်သည် နည်းလမ်းမျိုးစုံ ထုတ်သုံးနေသည်ကို တွေ့ရသည်။ 

  • ပြည်ပတွင် သွားရောက်လုပ်ကိုင်မည့်သူများကို နိုင်ငံခြားငွေထုတ်ရောင်းပေးနေသည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြောနေသော်လည်း အမှန်တကယ်တွင် အနည်းစုသာ ထုတ်ရောင်းပေးသည်ဟု သိရသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly