မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အင်ဒိုနီးရှားကိုဆက်ထားဖို့ အမေရိကန်တိုက်တွန်း

By မဇ္ဈိမ 
14 August 2023
မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အင်ဒိုနီးရှားကိုဆက်ထားဖို့ အမေရိကန်တိုက်တွန်း

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံရဲ့ သက်တမ်း ရှေ့နှစ်ကုန်ဆုံးသွားခဲ့ရင်လည်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံး တာဝန်တွေကိုတော့ ဆက်လက် ထမ်းဆောင်သင့်တဲ့အကြောင်း အမေရိကန် အယ်လီနိုးစ်ပြည်နယ် အထက်လွှတ် တော်အမတ် Tammy Duckworth တမ်မီဒက်ဝါ့ထ်က ဂျကာတာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

လာမယ့်နှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် လာအို နိုင်ငံက တာဝန်ယူမှာဖြစ်ပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်လာမှာပါ။

အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူးကိုယ်စားလှယ်ကို အလှည့်ကျ ဥက္ကဋ္ဌက ခန့်အပ်လေ့ရှိပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီနှစ် ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံးရဲ့ အကြီးအကဲအဖြစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဦးဆောင်ပါတယ်။ 

မြန်မာ့အရေး အင်ဒီုနီးရှားနိုင်ငံကပဲ ဆက်လက်ဦးဆောင်လုပ်ကိုင်သွားဖို့ ဂျာကာတာကို ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စု Illinois ပြည်နယ် အထက်လွှတ်တော်အမတ် Tammy Duckworth က သတင်းစာ ရှင်းလင်းပွဲမှာ အကြံပေး ပြောဆိုသွားတာပါ။ 

ဒက်ဝါ့ထ်က အာဆီယံပါလီမန်များညီလာခံ(AIPA) ကိုတက်ရောက်ဖို့ ဂျကာတာကို သွားရောက် ခဲ့တာဖြစ်ပြီး ယူအက်စ်ဟာ AIPA မှာလေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါ တယ်။

အဲဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေနဲ့ တခြားလေ့လာသူနိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရေးကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ သူမက ပြောပါတယ်။

အင်ဒိုနီးရှားဟာ တူညီတဲ့အားထုတ်မှုကို လူတိုင်းအတူတကွ ပူးပေါင်းပါဝင်ကာ တွန်းအားပေးဖို့ အတွက် ခိုင်မာတဲ့ခေါင်းဆောင်မှု အခန်းကဏ္ဍမှာပါဝင်နေတယ်လို့ ကန်လွှတ်တော်အမတ်ကဆို ပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်က အလွန်စိုးရိမ်နေတယ်လို့လည်း ပြောပါတယ်။

မြန်မာ့အရေး ဖြေရှင်းဖို့အတွက် ပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ၆ လတာကာလအတွင်း အကြိမ် ၇ဝ ကျော် တွေ့ဆုံဆွေးနွေးထားတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြီးခဲ့တဲ့ ဇွန်လအတွင်းက ပြောကြားခဲ့ပါတယ်။

အဲဒီလိုမျိုးတွေ့ဆုံဆွေးနွေးတဲ့အခါမှာတော့ ဘုံသဘောတူညီချက်   ၅ ချက်အပြင် အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်ပေါ်လာဖို့ ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ယုံကြည်လက်ခံမှုကို ရရှိခဲ့တယ်လို့လည်း ယင်းက ပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required