အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး အဖွဲ့အစည်း အားလုံးနဲ့လက်တွဲလုပ်ဆောင်မယ်လို့  KNU ဥက္ကဌပြော 

By မဇ္ဈိမ 
14 August 2023
အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး အဖွဲ့အစည်း အားလုံးနဲ့လက်တွဲလုပ်ဆောင်မယ်လို့  KNU ဥက္ကဌပြော 

အာဏာရှင်စနစ်ရဲ့ လမ်းစဉ်နဲ့ လုပ်ငန်းအားလုံး အဆုံးသတ်ရေးအတွက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ဒီမိုကရေစီအင်အားစုတွေ အပါအဝင် လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မည်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့  ၇၃ နှစ်မြောက် “ကရင့်အမျိုးသား အာဇာနည်နေ့” မိန့်ခွန်းမှာ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြပြီး စစ်အုပ်စုဟာ မဟာလူမျိုးကြီး ဝါဒကို အသုံးချကာ အာဏာရှင်စနစ်ကို တည်ဆောက်ပြီး ကိုယ်ကျိုးရှာနေကြောင်း၊ အာဏာရှင် စနစ် အပြင် အာဏာရှင်စနစ်ရဲ့ လမ်းစဉ်နဲ့ အုပ်ချုပ်ရေး လုပ်ငန်းအားလုံး အဆုံးသတ်နိုင်ရေးအတွက် အာ ဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများနဲ့လက်တွဲ လုပ်ဆောင် ကြရ မည် ဖြစ်ကြောင်း KNU ဥက္ကဌပဒိုစောကွယ်ထူးဝင်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်မှစကာ မဟာလူမျိုးကြီးဝါဒကို ကိုင်စွဲပြီး နိုင်ငံရဲ့ အာဏာကို အတင်းအဓမ္မ ရယူကာ စစ် အုပ်ချုပ်ရေးစနစ်ကို ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးနေကြောင်း၊ အာဏာရှင်အုပ်စုသည် စစ်တပ်ကို အသုံးချ ပြီး ပြည်သူလူထုနဲ့ တိုင်းရင်းသား လူမျိုးများရဲ့ ဆန္ဒကို ဆန့်ကျင်ကာ ဖိနှိပ်အုပ်ချုပ်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး နိုင်ငံရဲ့ အာဏာကို နောက်ထပ်တစ်ဖန် အတင်းအဓမ္မ ရယူခဲ့ရာ ပြည်သူလူထုမှ လုံးဝလက်ခံနိုင်ခြင်းမရှိသဖြင့် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်လျက်ရှိပြီး လက်နက်ကိုင်တော်လှန်ရတဲ့ အဆင့်သို့ ရောက်ရှိခဲ့ရာ အာဏာရှင်အုပ်စုမှလည်း စစ်တပ်ကို အသုံးချ ကာ စစ်ရေးအရ အကြမ်းဖက်တဲ့ နည်းလမ်းများကို ဆိုးဆိုးရွားရွား လုပ်ဆောင်နေကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

စစ်ရေးဖြင့် အကြမ်းဖက်မှုဟာ  မြန်မာလူမျိုးအမားစုနေထိုင်တဲ့နေရာ၊ ဒေသများသို့ပင် ပြန့်နှံ့သက်ရောက်လျက်ရှိပြီး စစ်အုပ်စုမှ လက်နက်ကြီးများ၊ အမြောက်ကြီးများအပြင် တိုက်လေ ယာဉ် များပါ အသုံးပြုတိုက်ခိုက်နေပေမယ့်လည်း တိုင်းရင်သားပြည်သူလူထုနေအဖြင့် အညံ့မခံပဲ အာဏာရှင်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးအပြင် သံတမန်နည်းလမ်း စတဲ့နည်းလမ်းအမျိုးမျိုးဖြင့် တော်လှန်နေကြောင်း ဆိုထားပါတယ်။

အစုအဖွဲ့အားလုံးကို စုစည်းပြီး စစ်တပ်ရဲ့ ကံကြမ္မာဟာ လူထုလက်ထဲကို ပြန်လည်ရောက်ရှိတဲ့အထိ ဆောင်ရွက်ရမယ်လို့လည်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကလည်း  အမျိုးသားတန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် ကရင်တိုင်းရင်းသားများနဲ့ အတူတကွရပ်တည်ပြီး ရန်သူဖက်ဆစ်စစ်တပ်ကို အပြီးတိုင်ချေမှုန်းသွားမှာဖြစ်ကြောင်း (၇၃)နှစ်မြောက် ကရင့်အာဇာနည်နေ့ဂုဏ်ပြုစကား ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလက်မှတ် ရေးထိုးခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးကတည်းက NCA ဟာ ပျက်စီးသွားပြီလို့ KNU ကထုတ်ဖော် ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly