အာဆီယံပါလီမန်များညီလာခံ AIPA အဖွဲ့ မြန်မာနိုင်ငံကိုသွားဖို့ ပြင်ဆင်နေ

By မဇ္ဈိမ 
14 August 2023
အာဆီယံပါလီမန်များညီလာခံ AIPA အဖွဲ့ မြန်မာနိုင်ငံကိုသွားဖို့ ပြင်ဆင်နေ

အာဆီယံပါလီမန်များညီလာခံ AIPA အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ကော်မီတီအနေနဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေရဲ့အခြေအနေကို သိရှိနိုင်ဖို့ မြန်မာနိုင်ငံကို သွားရောက်လေ့လာဖို့ စီစဉ်နေတယ်လို့ AIPA နဲ့ ပူးပေါင်းဆောင်ရွက်ရေး အင်ဒိုနီးရှားလွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌ Fadli Zon က ပြောပါတယ်။

ဒေသတွင်းက လွှတ်တော် အသီးသီးကို ကိုယ်စားပြုတဲ့ အထူးသံတမန်အဖွဲ့ တစ်ဖွဲ့အဖြစ်နဲ့ မြန်မာနိုင်ငံကို လူကိုယ်တိုင်သွားရောက်ပြီး အခြေအနေ ဘယ်လို ရှိတယ်ဆိုတာ ကြည့်ရှုသင့်တယ်လို့ Fadli Zon က ပြောကြားကြောင်း ဩဂုတ်လ ၁၁ ရက်၊ သောကြာနေ့က ထုတ်ပြန်တဲ့ AIPA ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလ အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ၄၄ ကြိမ်မြောက် အာဆီယံ လွှတ်တော်များညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီက အာဆီယံနဲ့ ရထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည် ဖော်တဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းအားထုတ်မှုတွေကို စောင့်ကြည့်မယ့် ကော်မတီ ဖွဲ့စည်းဖို့ သဘောတူခဲ့ပြီး၊ မြန်မာနိုင်ငံကို AIPA ရဲ့ အထူးသံတမန်အဖွဲ့ စေလွှတ်ဖို့အတွက်ကိုတော့ ဆုံးဖြတ်ချက် မချရသေးဘဲ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်လို့ အာဆီယံလွှတ်တော်အမတ်များကြား သဘောထားကွဲလွဲမှုအချို့ရှိနေလို့ ဒါကို ဆွေး‌နွေးနေဆဲလို့ လည်း ဂျာကာတာက လာတဲ့ သတင်းတွေကဖော်ပြပါတယ်။

ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံပါလီမန်များညီလာခံ AIPA က မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် အာဆီယံ လွှတ်တော်အမတ်တွေနဲ့ လေ့လာသူတွေ သဘောတူခဲ့ကြပါတယ်။

မြန်မာနိုင်ငံအကျပ်အတည်းရဲ့ ထိခိုက်မှုတွေကို လူကိုယ်တိုင်မြင်တွေ့ရပြီး၊ ပြဿနာ ဖြေရှင်းဖို့ အဖြေရှာတဲ့နေရာမှာ ပါဝင်ကူညီနိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အတွက် အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာအောင် ကြိုးပမ်းတဲ့နေရာမှာ အာဆီယံ လွှတ်တော် အမတ်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့လည်း ရည်ရွယ်တာ ဖြစ်တယ်လို့ Fadli Zon က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ဩဂုတ်လ ၅ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၄၄ ကြိမ်မြောက် အာဆီယံ ပါလီမန်များညီလာခံက မြန်မာစစ်ကောင်စီဘက်က အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည် ဖော်ဆောင်ခြင်း ရှိမရှိဆိုတာနဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို စောင့်ကြည့်မယ့် ကော်မီတီတရပ် ဖွဲ့စည်းခဲ့တဲ့အကြောင်းလည်း Fadli Zon ရဲ့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

AIPA ညီလာခံမှာ မြန်မာ့အရေး အချက် ၂ ချက်ကို အဓိကချမှတ်ခဲ့ပြီး တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး နဲ့ တည်ငြိမ်ရေး ကို ထိန်းသိမ်းရန် နဲ့ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ပံ့ပိုးပေးဖို့တို့ဖြစ်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly