မွန်ပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် ဒေသခံများ​၏ မိုးစပါးခင်း ပျက်စီးဆုံးရှုံး

By YT (မဇ္ဈိမ)
13 August 2023
မွန်ပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် ဒေသခံများ​၏ မိုးစပါးခင်း ပျက်စီးဆုံးရှုံး

မွန်ပြည်နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှုတို့ကြောင့် မြစ်ရေတိုးမြင့်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့၍ ဒေသခံများ​၏ မိုးစပါးစိုက်ခင်းများ ရေမြှုပ်ကာ ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများ၊ လူမှုကူညီရေးအသင်းများထံက သိရသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်မှစ၍  ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာတာ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ် အနိမ့်ပိုင်းဒေသများနှင့် ဘီးလင်းမြစ်ကမ်းဘေးရှိ ဒေသခံများနေထိုင်ရာ ကျေးရွာများအတွင်းအထိ ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး ဒေသခံများ​၏ မိုးစပါးစိုက်ခင်းများပါ ရေမြှုပ်ပျက်စီးခဲ့ခြင်းဖြစ်သည်။ 

" သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ် နှစ်မြို့နယ် ပေါင်းမယ်ဆိုရင်တော့ တွက်ရမှာတောင် ခပ်ခက်ခက်ပဲ။ ဒီနှစ်မိုးရာသီ လယ်မြေဧက တော်တော်များများ ပျက်စီးသွားတာကိုး။ ဧက လေး၊ ငါးသောင်းလောက်ရှိမယ်။ ခန့်မှန်းပေါ့နော် အတိအကျတော့ ကျွန်တော်တို့လည်း စာရင်းမကောက်တော့ မသိရဘူး" ဟု ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ဒေသခံများ​၏ မိုးစပါးစိုက်ခင်းများကို  ပြန်လည်စိုက်ပျိုးပါကလည်း မိုးနှောင်းပိုင်း၊ သက်ငယ်မိုးစပါးသာ စိုက်နိုင်တော့မည်ဖြစ်ပြီး ထိုကဲ့သို့ စိုက်ပျိုးရန်လည်း လက်ရှိအနေအထားအရ အခက်အခဲများစွာကြုံနေရကြောင်း သိရသည်။ 

" သုံးရက်လောက်မြှုပ်ရင်တော့ အကြောင်းမဟုတ်ဘူး ။ အခုဟာက ခုနစ်ရက်၊ ရှစ်ရက်ဆိုတော့ မြှုပ်ပြီး ပြန်ပေါ်တော့ သုံးလို့မရတော့တာထက် ပုပ်ကုန်တာပေါ့၊ အခုက ရေပြန်ကျသွားပြီဆိုပေမယ့် ဒီဟာတွေကို ပြန်လုပ်ဖို့ဆိုရင်တော့ တော်တော်အခက်အခဲဖြစ်တယ်။ အခုချိန်ကို ချက်ချင်းပြန်စိုက်နိုင်ရင်တောင်မှ မိုးနှောင်းပိုင်း သက်ငယ်လောက်ပဲ စိုက်လို့ရတော့မယ်။ သက်ကြီးတော့ စိုက်လို့အဆင်မပြေတော့ဘူး " ဟု သထုံမြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

 လယ်မြေအငှားစိုက်ပျိုးသူများ ရှိသကဲ့သို့ ကိုယ်ပိုင်လယ်မြေများတွင် စိုက်ပျိုးသူများလည်းရှိပြီး ယခုကဲ့သို့ ပျက်စီးသည့်အခါ မျိုးစပါးအသစ် ဝယ်ယူရန်လည်း အခက်အခဲရှိကြကြောင်း၊ မြေအမျိုးအစားနှင့်ကိုက်ညီမည့် မျိုးစပါးများအား တောင်သူအချင်းချင်းသာ ချိတ်ဆက်ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

" မျိုးစပါးတွေကတော့ ပြန်ဝယ်ဖို့က လယ်သမားအချင်းချင်းဆီကပဲ ဝယ်ရတာပေါ့။ အဲ့ဒီလို လယ်သမားအချင်းချင်း ဝယ်ဖို့တောင် အဆင်ပြေတဲ့သူတွေရှိသလို အဆင်မပြေတဲ့သူတွေလည်း ရှိတယ်။ နိုင်ငံတော်ကနေ မျိုးစပါးစီစဉ်ပေးရင်တော့ ပိုအဆင်ပြေနိုင်တယ်။ လောလောဆယ် မြို့နယ်အနေနဲ့ စီစဉ်ပေးထားတဲ့ မျိုးစပါးရောင်းပေးတာမျိုး စီစဉ်ပေးတာတော့ မရှိသေးပါဘူး" ဟု ဒေသတွင်းသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။ 

ဘီးလင်းမြို့နယ်တွင် ကျားကွင်းကျေးရွာ၊ အလူးလေးကျေးရွာ အရှေ့ပိုင်းနှင့် အလယ်ပိုင်း၊ ဘကျဲကျေးရွာ၊ ဝက်သိုးဝကျေးရွာ၊ နို့ကဲကျေးရွာ၊ ဟတ်ကြီးကျေးရွာ၊ ဟလိမ်ကျေးရွာ၊ ခေါ်ထီးခီးကျေးရွာ၊ ဘဲလင်းနို့ကျေးရွာ၊ ထော်ဖိုးထကျေးရွာ၊ ပယ်ဝတ္ထကျေးရွာ၊ နှင်းပုလဲကျေးရွာ၊ ရွှေလှေကျေးရွာ၊ ညောင်ပုလင်ကျေးရွာ၊ လိပ်ခုံးကျေးရွာ၊ ဒေါက်ရပ်ကျေးရွာ၊ ဒေါင်းတောင်ကျေးရွာ၊ အဝန်းကြီးကျေးရွာ၊ သထုံမြို့နယ်တွင် ဒုံဝန်းကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ဝင်းဖုန်းကျေးရွာ၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဆိပ်ကျွန်းကျေးရွာ၊ မရမ်းကုန်းကျေးရွာ၊ တောကြီး၊ တောင်ကြီးကျေးရွာ၊ ကတိုက်ကြီးနှင့် ကတိုက်လေးကျေးရွာများရှိ စပါးစိုက်ခင်း လယ်မြေများ ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အတူ အတ္ထရံမြစ်ရေ စိုးရိမ်ရေအမှတ်ထက် တိုးမြင့်ပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့၍ ကျိုက်မရောမြို့နယ် အနိမ့်ပိုင်းဒေသများတွင်လည်း ဒေသခံများ​၏ မိုးစပါးစိုက်ခင်းများ ရေနစ်မြှုပ်ပျက်စီးမှုများ ရှိကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly