ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ နံနက်မှစတင်ကာ မြို့ပေါ်နေရာအနှံ့ အပြား၌ စစ်ကောင်စီတပ်ဖွဲ့များ လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများထံမှသိရသည်။
ပုသိမ်မြို့ပေါ် လမ်းဆုံလမ်းခွများအပြင် ပုသိမ်တံတား အမှတ်(၁)နှင့် ကမ်းနားလမ်းတလျှောက်တွင် ထွေအုပ်ဝန်ထမ်းများ၊ ရဲများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေပြီး ဧရာဝတီတိုင်းအစိုးရရုံး ပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်၏ စနိုက်ပါသမားများနေရာယူထားကြောင်း မြို့ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကပြောသည်။
"ကျန်ခဲ့တဲ့ နှစ်ရက်လောက်တည်းက ပုံမှန်ထက်ပိုတဲ့ စစ်သားနဲ့ရဲတွေကို မြို့ပေါ်မှာတွေ့နေရတာပါ။ဒီနေ့တော့ အများဆုံးတွေ့ရတာပေါ့။သွားတာလာတာ သိထားနေရတယ်"ဟု၎င်းကဆိုသည်။
စစ်ကောင်စီတပ်၏ ထိပ်ပိုင်းအရာရှ်ိတဦး
ပုသိမ်မြို့သို့ ရောက်ရှိနေခြင်းကြောင့် လုံခြုံရေးတင်းကျပ်ထားခြင်းဖြစ်နိုင်ကြောင်း ပုသိမ်မြို့ပြပျောက်ကျားအဖွဲ့ တာဝန်ရှိသူတဦးကပြောသည်။
"အကောင်ကြီးကြီးရောက်နေတာတော့ဟုတ်တယ်။မင်းအောင်လှိုင်လား ၊ရေတပ်ချုပ်လား တယောက်ယောက်ပဲ။အတိအကျကိုတော့ ကျွန်တော်တို့လည်း စုံစမ်းတုန်းပါ"ဟု ၎င်းကပြောသည်။
အမည်မဖော်လိုသည့် ရုံးဝန်ထမ်းတစ်ဦးက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုသိမ်မြို့သို့ရောက်ရှိနေသည့်အတွက် လုံခြုံရေးတင်းကျပ်ထားခြင်းဖြစ်သည်ဟုပြောသည်။ ထိုပြောဆိုချက်အပေါ် မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
လက်ရှိတွင် ပုသိမ်မြို့ပေါ်နေရာအနှံ့အပြား၌ စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ လုံခြုံရေးတင်းကျပ်ထားဆဲဟုသိရပြီး စစ်ကောင်စီတပ်၏ ယာဥ်တန်းများ သာပေါင်းမြို့နယ်ဘက်သို့ထွက်ခွာမည်ဟု သတင်းထွက်နေကြောင်းမြို့ခံ တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများ၏ပြောပြချက်အရသိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၇ က ပုသိမ်မြို့၊ ကမ်းနားလမ်း ထုံးဖိုအရပ်ရှိ ရေတပ်စခန်း(အကူစစ်ရေယာဥ်အုပ်)သို့ စစ်ကောင်စီအကြီးအကဲများပါရှိသည့် ကား ၁၇ စီး လာရောက်ခဲ့သေးသည်ဟုသိရသည်။
စာတည်း - မောင်ကြီး
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”