ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒဿမ ၆ သန်းနီးပါးရှိနေ

By လင်းသူရိန် (မဇ္ဈိမ)
11 August 2023
ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒဿမ ၆ သန်းနီးပါးရှိနေ

ပဋိပက္ခနှင့် မလုံခြုံမှုတွေကြောင့် ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၆ သန်းနီးပါးရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA-Myanmar)ကဩဂုတ်လ ၁၀ရက်နေ့မှာထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ ၂၀၂၃ခုနှစ် ဇူလိုင်လကုန်အထိ နေရပ်စွန့်ခွါထွက်ပြေးနေရသူဟာ သန်းနဲ့ ချီရှိလာတယ် လို့ ထုတ်ပြန်လာတာပါ။ပြည်တွင်းမှာ နေရပ်စွန့်ခွါမှုတွေများလာတာက စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့်လို့ စစ်ပွဲနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေကို အကူအညီတွေပေးနေတဲ့ Burma Support အဖွဲ့က ဒါရိုက်တာ မယွန်းမီက မဇ္ဈိမကိုပြောပါတယ်။

လတ်တလော ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဆိုးဝါးသည့်ရာသီဥတုအခြေအနေတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ စဉ်ဆက်မပြတ်ရှိနေတယ်လို့ UNOCHAကဆိုကပါတယ်။ အထူးသဖြင့်တော့  နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ဘက်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေအပါအဝင် နိုင်ငံတဝှမ်းမှာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ မြင့်တက်နေတယ်လို့အစီရင်ခံစာမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့  ဩဂုတ် ၃ ရက်နေ့ကစတင်ကာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာမှုတွေကြောင့်  ဒေသခံပြည်သူ ငါးရာခန့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရတဲ့အပြင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းမှာလည်း ဇူလိုင်လကုန်ပိုင်းက စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ ကိုးထောင်ကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရပြီးတော့  အိုးအိမ်တွေလည်း ပျက်စီး ဆုံးရှုံးခဲ့ရ တယ်လို့လည်းဆိုပါတယ်။

စစ်ရှောင်နေရတဲ့နေရာတွေမှာ နေရာထိုင်ခင်းအမိုးအကာ စားနပ်ရိက္ခာလိုအပ်ချက်တွေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုစတဲ့ အခြေခံလိုအပ်ချက်တွေလည်းအရေးကြီးလိုအပ်နေပါတယ်လို့သိရပါတယ်။

#စစ်ရှောင်
#စားနပ်ရိက္ခာ
#လုံခြုံရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly