ရန်ကုန်၊ ဧပြီ ၆ရက် ။ ။ မြန်မာနိုင်ငံရှိ ယာဉ်မတော်တဆမှုများနှင့် သေဆုံးမှုများကို လျော့ချနိုင်ရန် ရည်ရွယ်ပြီး ပိုမိုဘေးကင်းသော လမ်းမများဆီသို့ စည်းရုံးလှုံ့ဆော်မှုကို ဧပြီ ၆ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ စတင်မိတ်ဆက်ခဲ့သည်။
အွန်လိုင်း၊ဘေလ်ဘုတ်နှင့် ပုံနှိပ်ကြော်ငြာများမှ တစ်ဆင့် ပြုလုပ်မည့် အဆိုပါ လှုံ့ဆော်မှုကို ယခုလအတွင်း စတင်ပြုလုပ်မည်ဖြစ်ပြီး Heinekenကုမ္ပဏီ၏ မြန်မာပြည်ရုံးခွဲတစ်ခုဖြစ်သည့် APB ALLIANCE BREWERY COMPANY LTDကပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အီတလီအခြေစိုက်INGO အဖွဲ့အစည်း တစ်ခုဖြစ်သည့် CESVIတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
"မြန်မာပြည်မှာယာဉ်အန္တရာယ်ကအဓိကပြဿနာတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် လမ်းမပေါ်ဘေးကင်းလုံခြုံစွာသွားလာနိုင်ဖို့က ပြည်သူတွေအတွက်အရမ်းအရေးကြီးပါတယ်။ အဲ့လိုဖြစ်ဖို့ ပြည်သူတွေကိုယာဉ်အန္တရာယ်ဆိုင်ရာအသိပညာပေးနိုင်ဖို့ အတွက် ဒီလှုံဆော်မှုကိုမိတ်ဆက်ရခြင်းဖြစ်ပါတယ်" ဟု APB ABC ၏Director Corporate Relations ဖြစ်သူMs Zeta Schellekensကပြောသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုးဦးချစ်ကိုကိုကလည်း"လူထုကလမ်းစည်းကမ်းကိုသိရှိနားလည်ဖို့ကအစိုးရအနေနဲ့ ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီစည်းရုံးမှုမှာစိတ်တူကိုယ်တူပါဝင်ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ အတူတကွ အလုပ်လုပ်ကြမယ်ဆိုရင် မတော်တဆမှုတွေနဲ့ သေဆုံးမှုတွေကိုလျော့ချသွားနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟုဆိုသည်။
အရှိန်လျှော့မောင်းခြင်း၊ခါးပတ်ပတ်ထားခြင်း၊အရက်သေစာသောက်စားကာ မောင်းနှင်မှု မပြုခြင်းနှင့် ကားမောင်းနေစဉ် မိုဘိုင်းဖုန်းအသုံးမပြုခြင်းများသည် မြန်မာနိုင်ငံရှိ လမ်းများပေါ်တွင် ဘေးကင်းလုံခြုံစွာသွားလာနိုင်မည့် အဓိကအချက်များဖြစ်သည်။ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဗဟုသုတသည် အလွန်အရေးကြီးပြီးလိုက်နာရန်ကြပ်မတ်ခြင်းသည် အဓိကကျကြောင်း မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ မှ တပ်ဖွဲ့မှုးရဲမှူးကြီးကျော်ထွေးကပြောသည်။