စစ်တွေမြို့အနီး စက်လှေနစ်မြုပ်မှုမှ ရိုဟင်ဂျာ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၇ ဦး၏ ရုပ်အလောင်းများ ပြန်လည်တွေ့ရှိ 

By ရောင်နီ (မဇ္စျိမ)
10 August 2023
စစ်တွေမြို့အနီး စက်လှေနစ်မြုပ်မှုမှ ရိုဟင်ဂျာ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၇ ဦး၏ ရုပ်အလောင်းများ ပြန်လည်တွေ့ရှိ 
ပုံစာ - သြဂုတ်လ ၉ ရက်နေ့က စစ်တွေမြို့ ဘာဆာရွာအရှေ့ဘက်သဲသောင်ပြင်တွင် တွေ့ရှိသည့် ရိုဟင်ဂျာရုပ်အလောင်းများကို သယ်ယူနေစဥ်။ (ပုံ - ရွှေရောင် မေတ္တာဖောင်ဒေးရှင်း)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပင်လယ်ပြင်တွင်နစ်မြုပ်ခဲ့သည့် စက်လှေမှ ရိုဟင်ဂျာ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ခုနစ်ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိထားကြောင်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

“မနေ့ကအထိ ၁၇ လောင်းတွေ့ထားတယ်ပေါ့။ စစ်တွေက ပင်လယ်ကမ်းခြေအနီးမှာရှိတဲ့ ကျေးရွာတွေမှာ တွေ့တာပါ။  အားလုံးပေါင်း အမျိုးသမီး ၁၀ ယောက် အမျိုးသား ၇ ယောက် တွေ့ထားပါပြီ။ ကျန်တဲ့ ပျောက်ဆုံးနေသူတွေကိုလည်း ဆက်လက်ရှာဖွေနေပါတယ်” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ အထွေ ထွေအတွင်းရေးမှူး ကိုဗျာလက မဇ္စျိမကို ပြောသည်။

လှိုင်းကြီးမှုကြောင့် နစ်မြုပ်ခဲ့သည်ဟုဆိုသည့် စက်လှေမှ ပျောက်ဆုံးနေသူများအနက် ရိုဟင်ဂျာ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ခုနှစ်ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 
ယင်းသို့တွေ့ရှိခဲ့သည့် ရုပ်အလောင်းများကို သက်ဆိုင်ရာက စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေ ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့က မလေးရှားနိုင်ငံသို့သွားရောက်ရန် ရသေ့တောင်မြို့နယ်မှ ထွက်ခွာလာ သည့်  ရိုဟင်ဂျာ ၅၀ ဦး ထက်မနည်းလိုက်ပါလာသည့် စက်လှေသည် စစ်တွေမြို့ ဘာဆာရာကျေးရွာ အနီးရှိ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ 

စက်လှေနစ်မြုပ်မှုတွင် အမျိုးသားရှစ်ဦး အသက်ရှင်လျက်လွတ်မြောက်လာခဲ့ပြီး ၎င်းတို့ကို စစ်ကောင်စီ တပ်နှင့် ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ 

စက်လှေတိမ်းမှောက်မှုအတွင်း ပျောက်ဆုံးနေသူများကို ဒေသအခြေစိုက်လူမှုရေးအသင်းများက သြဂုတ် လ ၇ ရက်နေ့မှစတင်ကာ ရှာဖွေမှုများပြုလုပ်ခဲ့ပြီး စစ်တွေမြို့နယ် ဗေဒါရွာ၊ သဲခုံရွာအပါအ၀င် ပင်လယ် ကမ်းစပ်အနီးရှိကျေးရွာများသို့ မျောပါလာသည့် ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မဇ္စျိမကို ပြောကြားထားသည်။

ပျောက်ဆုံးနေသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းများက ဆက်လက်ရှာဖွေနေသော်လည်း အသက်ရှင်ရန် ရာခိုင်နှုန်း နည်းပါးသွားပြီဖြစ်ကြောင်း ဒေသခံများက မှတ်ချက်ပြုသည်။ 

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများသည် စား၀တ်နေရေးကျပ်တည်းမှုကြောင့်  မလေးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများသို့  ရေလမ်းမှတဆင့် စက်လှေများဖြင့် တရားမ၀င် သွားရောက်နေခြင်း ဖြစ်သည်။ 

ထိုကဲ့သို့ သွားရောက်ရာတွင် ပင်လယ်လှိုင်းဒဏ်ကြောင့်  စက်လှေတိမ်းမှောက်ခြင်း၊  လှေပေါ်မှ ပြုတ်ကျ သေဆုံးခြင်းများကြောင့် အသက်သေဆုံးမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသအခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly